လီဗာပူးနဲ့ ချဲလ်ဆီးတို့ နိုင်ပွဲ၊ ဂန်းနားတို့ သရေပွဲ၊ ဘလွန်းဒီအော မှန်းတဲ့ ဘန်ဇီမာနဲ့ နံနက်ခင်း သတင်းများ
မန်ယူနည်းပြရန်နစ်ဟာ အသင်းကို ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးနိုင်ခဲ့မယ်ဆိုရင် မက်မောဖွယ်ရာ ဘောနပ်စ်မျိုး ရရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။ ရန်နစ် က လက်ရှိမှာတစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရပါက အပိုဆုကြေး ပေါင် ၅ သိန်း ရရှိသွားမှာပါ။
မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ပဲလေ့စ်ပွဲစဉ်မှာ ၁-၃ နဲ့ လီဗာပူးလ်တို့ အနိုင်ရခဲ့ပြီး ချဲလ်ဆီးကလည်း စပါးကို ၂-၀ နဲ့ အနိုင်ကစားနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ လီဗာပူးကတော့ တပွဲလျော့ ကစားထားပြီး အမှတ်ပေးဇယား ထိပ်က မန်စီးတီးနဲ့ ၉ မှတ် အကွာ ရောက်လာပါတယ်။

ပဲလေ့စ် နည်းပြ ဗီအဲရာကတော့ ပွဲပြီးခါနီးမှ လီဗာပူးဘက် ပေးခဲ့တဲ့ ပင်နယ်တီ အပေါ် လုံးဝ မကျေနပ် ဖြစ်နေပြီး ဒိုင် ဆုံးဖြတ်ချက်က အမှားကြီး မှားတယ်လို့ ပြောဆိုလိုက်ပါတယ်။
စပါးနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား (၃၇ နှစ်၊ ၁၂၃ ရက်)ဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရွိုင်ယန်ဂစ် (၃၉ နှစ်)ပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တဲ့အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာဆင်နယ် ဂိုးသမားရမ်ဒေးစ်ကတော့ ဘန်လေနဲ့ သရေကျခဲ့တဲ့ ပွဲက အသင်းရဲ့စွမ်းရည်ကို စိတ်ပျက်လျက်ရှိနေပြီး ကစားသမားတွေကလည်း ပင်ပန်းနေကြောင်း၊ ပြန်လည်စုဖွဲ့မိဖို့ အချိန်ယူရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရီးရဲမက်ဒရစ် တိုက်စစ်မူှး ဘန်ဇီမာက လာမဲ့နှစ်မှာ ဘလွန်းဒီအော ဆုကို ရယူနိုင်မလားလို့ အမေးခံခဲ့ရာမှာတော့ “ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသသွားမှာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ ၎င်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို အသင်းမှာ ဆက်ထိန်းဖို့ ဆန္ဒရှိနေပေမယ့် စာချုပ်ကိစ္စကိုတော့ အလောတကြီး ဆုံးဖြတ်သွားမှာ မဟုတ်ကြောင်း အသင်းဥက္ကဌဖြစ်သူ ဟိုင်နာက ဖွင့်ဟ သွားခဲ့ပါတယ်။

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာကတော့ ၎င်းရဲ့ အသင်းကွင်းလယ်လူ ဒီဘရိုင်းဟာ ကမ္ဘာပေါ်မှာ ဒုတိယ အကောင်းဆုံး ဖရီးကစ် စပယ်ရှယ်လစ် တစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အက်စ်တွန်ဗီလာအသင်းဟာ ဂျူဗင်တပ်အသင်း ကွင်းလယ်ကစားသမား ဘင်တက်ချာကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။