ဘယ်စွန်ခံစစ်သမား အသည်းအသန် ရှာနေရင်း ချဲလ်ဆီး ပစ်မှတ်ထားလာတဲ့ ဘွန်ဒက်စ်လီဂါကြယ်ပွင့်
ချဲလ်ဆီးအသင်းဟာ သောမတ်စ် တူချယ်ရဲ့ဘယ်တောင်ပံကို အင်အားဖြည့်တင်းဖို့အတွက် စတုဂတ် ဘယ်နောက်ခံ ကစားသမား ဘော်နာ ဆိုဆာ ကို ပစ်မှတ်ထားနေတယ်လို့ ဂျာမနီကသတင်းတွေအရ သိရပါတယ်။
ဘန် ချေးဝဲလ်ရဲ့ ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာပြဿနာကြောင့် တူဟယ်ဟာ ဘယ်နောက်ခံနေရာမှာ ရွေးချယ်စရာ ကင်းမဲ့နေပြီး ချဲလ်ဆီးအသင်းဟာ ယခုလအပြောင်းအရွှေ့ကာလမကုန်ဆုံးမီ အစားထိုးနိုင်မယ့် ကစားသမားကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းဘယ်နောက်ခံကစားသမား လူးကပ်စ် ဒီညီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်မှာ ဘယ်နောက်ခံ ကစားသမားက အက်စတန် ဗီလာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ လိုင်ယွန်အသင်းကနေ အီမာဆင်ကို ပြန်လည်ခေါ်ယူဖို့အတွက် ပြောဆို ဆွေးနွေးခဲ့ ပေမယ့်လည်း ပြင်သစ်ကလပ်အသင်းက ပေါင် ၃ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
စကိုင်းစပေါ့ ဂျာမနီ ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ ဘယ်နောက်ခံကစားသမား ရှာပုံတော်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာပြီဖြစ်ပြီး ဘယ်တောင်ပံမှာ နေရာစုံကစားနိုင်တဲ့ စတုဂတ်နောက်ခံကစားသမား ဆိုဆာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အက်စတန် ဗီလာအသင်းကလည်း လူးကပ်စ် ဒီညီကို မခေါ်ယူနိုင်ခင်တုန်းက စတုဂတ် ဘယ်နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားခဲ့သေးတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး စတုဂတ်အသင်းဟာ ဆိုဆာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၃၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

စတုဂတ်အသင်းဟာ အသင်းရဲ့အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးနေတဲ့ ဆိုဆာကို ထွက်ခွာခွင့်ပေးဖို့ တွန့်ဆုတ်နေပြီး လက်ရှိမှာလည်း ၎င်းတို့ဟာ ဘွန်ဒက်စ်လီဂါမှာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲနေရတာကြောင့်လည်း ရောင်းထုတ်လိုတဲ့ဆန္ဒ မရှိဖြစ်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်က ယခုလမှာ ချဲလ်ဆီးအသင်းက သင့်တော်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားမဟုတ်ဘူးဆိုရင် လူရရင် ပြီးရော အတင်းအကြပ် ခေါ်ယူမှု ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြား ထားပါတယ်။