ဆီဗီလာနဲ့ သဘောတူညီမှု ရသွားတဲ့ မာရှယ်၊ ဂန်းနားတို့ တိုက်စစ် ပစ်မှတ်သစ်နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး မာရှယ် ဟာ ဆီဗီလာအသင်းထံကို အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမီယိုက အတည်ပြုထားပါတယ်။ ဆီဗီလာ အနေနဲ့ မာရှယ်ရဲ့ လစာကိုဇွန်လအထိ ပေးချေသွားမှာဖြစ်ပြီး မာရှယ် မကြာခင် စပိန်ကို ထွက်ခွာသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပကလပ်တွေ များပြားလာကြောင်း သိရပါတယ်။ လက်ရှိမှာ အူဘာမီယန်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားလာကြောင်း သိရပါတယ်။ ဒါပေမဲ့ အူဘာရဲ့ လစာပြဿနာက သူတို့အတွက် အခက်အခဲ ဖြစ်နေတာပါ။

လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါရဲ့ အနေအထားကို စောင့်ကြည့်လျက်ရှိနေပါတယ်။ ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက ရိန်းနစ်ကနေ ရီးရဲကိုပြောင်းရွှေ့လာခဲ့ပြီး ပွဲကစားခွင့် နည်းပါးနေတာပါ။

ဝက်ဖို့ဒ်အသင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ နော်ဝှစ်ခ်ျအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ၃ ရက်အကြာမှာပဲ အသင်းနည်းးပြ ဖြစ်သူ ရာနေးရီ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ နောက်ခံလူ ဆူလေအနေနဲ့ စာချုပ် သက်တမ်းမတိုးနိုင်တဲ့နောက် ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ဦးစားပေး ပစ်မှတ်ထားလာကြောင်း သိရပါတယ်။ ခရစ္စတန်ဆန် ကလည်း ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိဘဲ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒေါ့မွန်ကတော့ ဆောဘတ်ကြယ်ပွင့် အဒီယာမီကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။ စကိုင်းစပေါ့ အဆို အရ ဒေါ့မွန်ဒါရိုက်တာ မိုက်ကယ်ဇို့နဲ့ ခန်းတို့ဟာ ဆောဘတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး အရခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းနေရာအတွက် ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဂျိုတာကိုလည်း ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို မခေါ်နိုင်ခဲ့ရင် လက်ကျန် ရက်တွေ အတွင်း တခြားတိုက်စစ်မှူးခေါ်ယူဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား လင်ဂတ်ကို ပြင်သစ်ကလပ် နိုက်စ်ကလည်း ပစ်မှတ်ထား နေပါတယ်။ နိုက်စ်အနေနဲ့ လင်ဂတ်ကို လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ချဉ်းကပ်ခဲ့တာလို့သိရပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်က သူ့အနေနဲ့ ပရိသတ်တွေက ကွင်းနဲ့ နီးနီးကပ်ကပ် ရှိနေခြင်းကို သဘောကျကြောင်း၊ ဒါက ကျေနပ်စရာကေင်းတဲ့ ပတ်ကျင်းဝန်ဖြစ်ကြောင်း၊ ဒါပေမဲ့ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို အရာဝတ္တုတွေနဲ့ ပစ်ပေါက်တာမျိုးကို ရပ်တန့်သင့်ပြီး တာဝန်ရှိသူတွေအနေနဲ့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သင့်ကြောင်း သတိပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။ ဘာစီအနေနဲ့ ဒွန်နာရမ်မာ ခေါ်ယူဖို့အတွက် တာစတီဂျန်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးပြုသွားဖို့ ရှိနေပါတယ်။