မန်ယူ၊ အာဆင်နယ်၊ စပါးတို့ထဲ ဘယ်အသင်း အဆင့် ၄ နေရာ သိမ်းမလဲ ဆွေးနွေးကြတဲ့ ဂုရုကြီးများ
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝက်ဟမ်းကို အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ အနိုင်ယူကာ အဆင့် ၄ နေရာကို ပြန်တက် လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ဘန်လေကို အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ကာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး တော့တင်ဟမ် စပါး ကလည်း ချဲလ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂျေမီရက်နက် တို့က အဆင့် ၄ နေရာ အတွက် သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး မန်ယူအသင်းသာ အခြေအနေကောင်းမယ်လို့ သဘောချင်း ညီနေကြပါတယ်။

ဂျေမီရက်နက်က “ကျွန်တော် ကတော့ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ အချိန်မှာ အဆင့် ၄ နေရာ အတွက် ရေပန်းအစားဆုံး အသင်း ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော် ဒီလို ယုံကြည် နေပါတယ်။
အာဆင်နယ်ကတော့ အခုချိန်မှာ ခြေကုန်သွားတဲ့ ပုံစံမျိုးလို့ ကျွန်တော် မြင်ပါတယ်။ သူတို့ဟာ လီဗာပူးနဲ့ ကြားရက်မှာ ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ ရလဒ်ဆိုးကို ကြုံခဲ့ရတဲ့ အပြင် ဘန်လေနဲ့ ပွဲစဉ်မှာလည်း ရလဒ်ဆိုးကို ထပ်ရခဲ့ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်ဟာ လက်ကျန် ၃ ပွဲထိ ကစားဖို့ ရှိနေပါသေးတယ်။ ဒီကာလအတွင်း သူတို့ အနေနဲ့ အဓိက ကစားသမား တစ်ချို့ကို ပြန်ရခဲ့မယ် ဆိုရင် သူတို့ဟာ top 4 နေရာကို စိန်ခေါ်နိုင်စွမ်း ရှိနေမှာပါ။ ဒါပေမယ့် မန်ယူနိုက်တက် အနေနဲ့ လူစာရင်းနဲ့ top 4 တော့ ဝင်သင့်ပါတယ်။
အကယ်လို့များ သူတို့ ဒီလို မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒါဟာ သူတို့ အတွက် နောက်ထပ် ရာသီဆိုး တစ်ခုပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီက ဒုတိယ နေရာ ရခဲ့ပါတယ်။ သူတို့ ဒီရာသီ top 4 ကို မဖြစ်မနေ ဝင်အောင် ကစားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ရွိုင်ကိန်း ကလည်း “မန်ယူနိုက်တက်ဟာ အဆင့် ၄ နေရာနဲ့ အဆုံးသတ်နိုင်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့ဟာ အရမ်းကို တောင့်တင်းတဲ့ လူအင်အားကို ပိုင်ဆိုင်ထားပါတယ်။” လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။
ရက်နက်နဲ့ ကိန်း တို့က ဒီလို ပြောခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟာ အဆင့် ၄ နေရာက မန်ယူနိုက်တက်ထက် ၂ ပွဲလျော့ ကစားကာ ရမှတ် ၂ မှတ် အကွာမှာ ရှိနေတာကြောင့် top 4 အတွက် ကောင်းမွန်တဲ့ အနေအထားကို ပိုင်ဆိုင် နေဆဲ ဖြစ်ပါတယ်။