ဇန်နဝါရီဈေးကွက်မှာ အာဆင်နယ်တို့ ကစားသမားသစ် မခေါ်ယူနိုင်သေးခြင်း အဓိက အကြောင်းရင်း
အာဆင်နယ်မန်နေဂျာ အာတီတာက ဆောင်းရာသီဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့က ခက်ခဲပေမယ့် သူတို့ဟာ ကလပ်ကို ရှေ့ဆက်နိုင်ဖို့ ပစ်မှတ်တွေဖြင့် ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်ဟာ အရေးပါတဲ့ ခေါ်ယူမှုအတွက် ကြိုးစားနေတာဖြစ်ကာ ဖီအိုရင်တီးနားမှ ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်မှ အာသာတို့ဖြင့် သတင်းကြီးပါတယ်။ အာသာရဲ့ အေးဂျင့်ဟာ အာဆင်နယ် လေ့ကျင့်ရေးကွင်းကိုပါ ရောက်လာသေးပေမယ့် ခေါ်ယူမှု ရဖို့က အီတလီကလပ်နဲ့ သဘောတူညီမှု ရနိုင်ဖို့လည်း လိုအပ်တာပါ။

ဗလာဟိုဗစ် ကိစ္စကလည်း အတော်လေး ရှုပ်ထွေးနေပြီး အခြေအနေက တစ်ရက်ကောင်းလိုက်၊ မကောင်းလိုက်ဖြင့် အခုချိန်ထိတော့ နီးနီးစပ်စပ် အခြေအနေကို မရောက်လာသေးတာဖြစ်ပါတယ်။
” အပြောင်းအရွှေ့ကနေ ကစားသမားရှာဖွေဖို့က ကျနော်တို့ရဲ့ အစီအစဉ်ပါ။ ဒါပေမယ့်လို့ ဈေးကွက်က ခက်ခဲနေပါတယ်။ ကစားသမား ခေါ်ယူရေးက ရှုပ်ထွေးပါတယ် ” လို့ ဘန်လေကို ဝ-၀ သရေကျတဲ့ပွဲအပြီး အာတီတာက ပြောပါတယ်။
” ကျနော်တို့လည်း သိပါတယ်။ ဒါပေမယ့်လို့ စီမံရမယ့် ကိစ္စတွေ များနေပြီး အသင်းကို ကူညီနိုင်မယ်လို့ ကျနေ်ာတို့ ယုံကြည်တဲ့ ကစားသမားတွေ၊ အသင်းကို နောက်တစ်ဆင့်ထံ ပို့ဆောင်းပေးနိုင်မယ့် ကစားသမားတွေ ခေါ်ယူရေးနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့ လိုပါတယ်။

ကျနော်တို့ အသေချာကြီး ကြိုးစားနေတာပါ ဒါပေမယ့် ခေါ်ယူမှု လုပ်နိုင်မလားဆိုတာကို မသိပါဘူး။ ကြည့်ကြတာပေါ့။ ကျနော်တို့ရဲ့ ကစားသမား ခေါ်ယူလိုတဲ့ ရည်ရွယ်ချက် အတွက်တင် မဟုတ်ဘဲ လက်တွေ့ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။
ကစားသမားတွေ အသင်းကို ပြောင်းလာခဲ့မယ်ဆိုရင် ကျနော်တို့ကို နောက်ထပ် တစ်ဆင့်ကို ပို့ဆောင်ပေးဖို့ပါ။ အခုတင်ကို ကျနေ်ာတို့က လယ်ဗယ်တစ်ခုမှာ ရှိနေပါတယ်။ အသင်း ရောက်နေတာထက် ပိုကောင်းတဲ့ လယ်ဗယ်အဆင့်ကို ကျနော်တို့ လိုချင်ပါတယ်။ အဲ့တာကြောင့်ပဲ လူသစ်ခေါ်ယူဖို့ ကြိုးစားနေတာပါ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်ထဲမှာ ရလဒ်တွေ မကောင်းဖြစ်နေတာနဲ့အတူ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်မှာ ယူနိုက်တက်၊ ဝက်ဟမ်း၊ စပါးတို့ဖြင့် အပြိုင် ကြိုးစားနေရဆဲပါပဲ။ လက်ရှိ အခြေအနေက အဆင့် ၄ နဲ့ အရမ်း မကွာသေးတာဖြစ်လို့ လိုအပ်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်မှု လုပ်နိုင်ဖို့ ဂန်းနားပရိသတ်တွေ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။