လင်ဂတ်အတွက် မန်ယူဘက်က ဘယ်တွေတောင်းဆိုလို့ နယူးကာဆယ် နောက်ဆုတ်သွားရလဲ
နယူးကာဆယ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်ကို ရာသီကုန်ထိ အငှားခေါ်ယူခွင့် တောင်းဆိုပေမယ့်လို့ မန်ချက်စတာကလပ်က “survival bonus” ထည့်သွင်းခြင်းကြောင့် အပြောင်းအရွှေ့ ရပ်တန့်နေပါကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။
ယူနိုက်တက်ဟာ စာချုပ်အားဖြင့် ၆ လပဲ ကျန်တဲ့ လင်ဂတ်ကို အငှားချဖို့ ကမ်းလှမ်းမှုတွေကို လက်ခံရထားပေမယ့် အဆင်မပြေသေးပါဘူး။ ဝက်ဟမ်းအသင်းကိုတော့ ထိပ်ဆုံး ၄ သင်း ပြိုင်ဘက်ဖြစ်နေလို့ အငှားမထုတ်လိုခြင်းဖြစ်ပြီး နယူးကာဆယ်ဘက်က ကမ်းလှမ်းချိန်မှာ ထူးခြား ဘောနပ်စ် ထည့်သွင်း တောင်းဆိုခဲ့တာပါ။

နယူးကာဆယ်ဘက်က လင်ဂတ်အတွက် ပေါင် ၂.၅ သန်းဖြင့် ကမ်းလှမ်းထားပြီး ဒီစာချုပ် သဘောတူရင်တော့ အင်္ဂလန်သားအတွက် ကုန်ကျမယ့် ရာသီကုန်ထိ လုပ်ခ ပေါင် ၂ သန်းကို ကာမိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နယူးကာဆယ်အသင်း တန်းမဆင်းရဘူးဆိုရင် ဆုကြေး ပေါင် ၁၂ သန်း ထပ်ပေးဖို့ ယူနိုက်တက်က ထပ်ပြီး တောင်းဆိုထားပါတယ်။
လင်ဂတ်ကတော့ အခု ဇန်နဝါရီမှာ အငှားမထွက်ဘူးဆိုရင် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ နည်းပြ ဆိုးလ်ရှား နဲ့ ရန်နစ်လက်အောက်မှာ ဒီရာသီ ၂ ပွဲသာ ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိထားပါတယ်။
လင်ဂတ်ကလည်း ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်နိုင်ရေးအတွက် နယူးကာဆယ်ကို ပြောင်းရွှေ့ချင်နေပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဝက်စ်ဟမ်းမှာ အငှားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်ဘက်ကတော့ မန်ချက်စတာကလပ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးအတိုင်းဆိုရင် စာချုပ် ၆ လပဲ ကျန်တဲ့ ကစားသမားအတွက် ပေါင် ၁၆.၅ သန်းလောက် ကျသင့်မှာပါ။ သူတို့က ဒီအချက်ကို လက်မခံနိုင်ဘဲ လိုင်ယွန်အသင်းမှ ဂွီးမာရက်ဇ်ကို အာရုံစိုက် ကြိုးစားနေခဲ့ကာ ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူဖို့ အပြီးသတ် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။