ခွက်ခွက်လန်ရှုံးတဲ့ မော်ရင်ညို၊ မန်နေဂျာသစ်ရတော့မယ့် နယူးကာဆယ်နဲ့ နံနက်ခင်း အားကစားသတင်းတိုများ
မနေ့ညက ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ပွဲစဉ်မှာ မော်ရင်ညိုရဲ့ ရိုးမားဟာ အဝေးကွင်းမှာ နော်ေ၀ ကလပ် ဘိုဒိုဂလင့်ကို ၆-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဂျိုဆေး မော်ရင်ညိုရဲ့ ဘဝမှာ တခါမှ ပြိုင်ဘက်ကို ၆ ဂိုးပေးရပြီး မရှုံးနိမ့်ခဲ့ဖူးပါဘူး။
ဝက်စ်ဟမ်းအသင်းဟာ အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဘယ်လ်ဂျီယံကလပ် ဂျန့်ကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တတ်ဖို့ အခြေအနေကောင်းနေပါတယ်။
နူနို ဆန်းတိုစ့်ရဲ့ စပါး အသင်းဟာ နယ်သာလန် ကလပ် ဗွီတက်ဆီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စု G မှာ တတိယ နေရာသာ ရရှိထားဆဲ ဖြစ်ပါတယ်။
ဂန်းနားဂိုးသမားဟောင်းကြီး လေမန်းကတော့ သူ့ ကလပ်အသင်းဟောင်း အာဆင်နယ်အတွက် မျှော်လင့်ချက်ကြီးကြီး ထားနေပြီး နောက်နှစ် နွေမှာ ဥရောပထိပ်သီးတွေကို အလဲထိုးပြီး အာဆင်နယ်က ဟာလန်းကို ခေါ်ယူသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ဂျူဗင်တပ် ခံစစ်မှူး ချီယာလီနီ ကတော့ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့သာ ဒီထက်စောပြီး ဖြစ်ခဲ့မယ် ဆိုရင် သူတို့အသင်းအတွက် ပိုပြီး ပြင်ဆင်ချိန် ရရှိနိုင်ခဲ့မှာ ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

နယူးကာဆယ် ဟာ ဝါရင့် နည်းပြကြီး စတိ ဗရု ကို လျော်ကြေး ပေါင် 8 သန်း ပေးကာ ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်း ပေါ်တူဂီသား ဖြစ်သူ ပေါ်လို ဖွန်ဆီကာ ကို နည်းပြသစ် ခန့်အပ်နိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။
လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ကိတ်တာတို့ဟာ အာဖရိကပွဲကြောင့် ဒီဇင်ဘာတည်းက လက်ရွေးစင်တွေထံ ပူးပေါင်းရဖို့ ရှိနေကာ ကလော့ပ်အတွက် အမှတ်ပေးပွဲ ၆ ပွဲနဲ့ အက်ဖ်အေပွဲ ၂ ပွဲ ကစားပေးနိုင်မှာ မဟုတ်ပါဘူး။
ဆီနီဂေါလက်ရွေးစင်ဖြစ်တဲ့ ချယ်ဆီးဂိုးသမား မန်ဒီကလည်း ဒီဇင်ဘာလကစပြီး ကလပ်အသင်း ပွဲတွေကို လွဲချော်မှာ ဖြစ်ပါတယ်။

နယူးကာဆယ် အသင်းရဲ့ ဆော်ဒီပိုင်ရှင်သစ်တွေဟာ အသင်း ကွင်းနာမည်ဖြစ်တဲ့ စိန့်ဂျိမ်းစ် ပတ်ခ်ကို ရောင်းချပြီး တရားဝင် စပွန်ဆာ ဝင်ငွေ ရရှိအောင် စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။
လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ယမန်နေ့က လန်ဒန်မှာရှိတဲ့ မဒမ်တူးဆော့ဒ် ပြတိုက်က သူ့ရဲ့ ပုံတူ ရုပ်တုကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပုံတူ ရုပ်တု ကို ဒီကနေ့မှာ စတင် ပြသ သွားမယ်လို့ သိရပါတယ်။