ဟာလန်း၊ ပေါ့ဘာ၊ ကက်ဆီ၊ ဒီလိုက်ချ်၊ မီနာမီနို၊ ဂျိုနသန်ဒေးဗစ် တို့နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
အေစီမီလန် ကွင်းလယ်လူ ကက်ဆီအနေနဲ့ အင်တာနဲ့ ဂျူဗင်တပ်တို့ကိုသာ ပြောင်းရွှေ့လို နေပြီး စပါးရဲ့ ကမ်းလှမ်းမှု ကို ငြင်းဆန်ခဲ့ကြောင်း အီတလီ သတင်းဌာနက ဖော်ပြ ထားပါတယ်။ ကက်ဆီရဲ့ စာချုပ် သက်တမ်း ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အေစီကနေ အလွတ်နဲ့ ထွက်ခွာမှာပါ။
ပီအက်စ်ဂျီအနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို အဓိက ပစ်မှတ်အဖြစ် ထားရှိ ထားကြောင်း ပြင်သစ်သတင်း က ဖော်ပြထားပါတယ်။ ပေါ့ဘာ က လာမဲ့နွေရာသီမှာ မန်ယူနဲ့ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာဖို့ နီးစပ်နေတာပါ။

ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေဆဲ ဖြစ်ပါတယ်။ အေးဂျင့် ရွိုင်အိုလာ ကတော့ ဒီလိုက်ချ်အနေနဲ့ လာမဲ့နွေရာသီမှာ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်လို့ ဖွင့်ဟထားခဲ့ပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ရူဒီဂါရဲ့ နေရာမှာ အစားထိုးဖို့ ချဲလ်ဆီး က ပစ်မှတ်ထားနေပါတယ်။
လီဗာပူးအနေနဲ့ သူတို့ရဲ့တိုက်စစ်ကစားသမား မီနာမီနို အတွက် လိဒ်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဂျပန်ကစားသမားဟာ လီဗာပူးမှာ အရန်ကစားသမားအဖြစ် ကစားနေရပြီး ကလော့က သူ့ကို ရောင်းထုတ်လိုခြင်း မရှိဖြစ်နေပါတယ်။
ဂျူဗင်တပ် အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ် အနေနဲ့ ဗလာဟိုဗစ် အတွက် ယူရို ၇၅ သန်း အသုံးပြုခဲ့ရပြီး ဒါဟာ ဒီရာသီဇန်နဝါရီအပြောင်းအရွှေ့ရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အငှားနဲ့ ထွက်ကစားနေတဲ့ ဘောလုံးသမားတွေထဲ ဂျူဗင်တပ် တိုက်စစ်ကစားသမား ချီယေဆာက ဈေးကွက် တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ချီယေဆာရဲ့ဈေးကွက်တန်ကြေးက ယူရို သန်း ၇၀ ရှိနေပြီး သူ့နောက်မှာ ဂရီးလစ်ရှ် (ယူရိုသန်း ၅၀)၊ မန်ဒက်စ် (ယူရိုသန်း ၄၀) တို့က ရပ်တည်နေပါတယ်။
တိုက်စစ်မှူး ရှာနေတဲ့ အာဆင်နယ်အနေနဲ့ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ အလိုရှိနေကြောင်း ESPN က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီမှာ တိုက်စစ်မူှးရှာဖွေလျက်ရှိနေပြီး ပစ်မှတ် ကစားသမားတွေကို ကြိုးပမ်းရာမှာ မအောင်မြင် ဖြစ်နေတာပါ။
ဒေါ့မွန် တိုက်စစ်မှုး ဟာလန်းကတော့ ကစားသမားဘဝတစ်လျှောက် သူ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် အဖြစ် ဘွန်ဒက်လီဂါက မဟာပြိုင်ဘက် ဘိုင်ယန်ကို ရွေးချယ်ခဲ့ပါတယ်။

“ကျွန်တော်အနေနဲ့ ဘိုင်ယန်ကို တစ်ခါမှ မနိုင်ဖူးပါဘူး။ ဒါကြောင့် ဘိုင်ယန်လို့ပဲဖြေရမှာပါ။ ဘိုင်ယန်နဲ့ ၆ ကြိမ်လောက် ကစားခဲ့ပြီး ၆ ဂိုး ဒါမှမဟုတ် ၇ ဂိုးအထိ သွင်းနိုင်ခဲ့ ပေမဲ့ ပွဲတိုင်း ကျွန်တော် ရှုံးနိမ့်ခဲ့ရပါတယ်” လို့ ဟာလန်းက ဆိုခဲ့ပါတယ်။
မန်စီးတီး နောက်ခံလူ ဝေါ်လ်ကာ ဟာ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်က အနီကတ်ပြစ်ဒဏ် အတွက် ၃ ပွဲပယ် ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှုံးထွက်အဆင့်နှစ်ကျော့နဲ့ ကွာတားဖိုင်နယ် တက်ခဲ့ရင် ပထမကျော့တို့ကို လွဲချော်ေတော့မှာပါ။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခြေသွက်နေတဲ့ ဗီလာ က ဂျူဗင်တပ် ကွင်းလယ်လူ ဘန်တန်ကာကို ပေါင် ၂၀.၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြောင်း စကိုင်းစပေါ့ က ဖော်ပြထားပါတယ်။ ဗီလာနည်းပြ ဂျရတ်ဟာ ဥရုဂွေး ကွင်းလယ်လူကို အဓိက ပစ်မှတ်ထားခဲ့ပေမဲ့ သူ့ကိုခေါ်ချင်ရင်တော့ ဒီထက်ပိုပြီး ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ လိုအပ်တာပါ။