ရန်းနစ် ရှိရင် ဆက်နေမယ်ဆိုတဲ့ ပေါ့ဘာ၊ ဟာလန်း၊ နီဗက်စ် တန်ကြေးနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

ဝုဗ် အသင်း အနေနဲ့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ကွင်းလယ်လူ နီဗက်စ်အတွက် ပေါင်သန်း ၄၀ – ၄၅ သန်းလောက် အလိုရှိနေကြောင်း သိရပါတယ်။

တကယ်လို့လာမဲ့ရာသီမှာ နည်းပြရန်းနစ်သာ အသင်းနည်းပြအဖြစ်ဆက်ရှိမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ က သူ့ဆုံးဖြတ်ချက်ကိုပြင်ကာ အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်းသိရပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ နည်းပြရန်နစ်နဲ့ လက်တွဲရတာ သဘောကျနေကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Dubai Expo 2020 မှာ Globe Soccer ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဆုကို လက်ခံရယူခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ ကစားသမား ဘဝတစ်လျှောက် ၈၀၁ ဂိုးအထိ သွင်းယူထားခဲ့ပြီး နိုင်ငံတကာအားလပ်ရက်တွေ ဝင်လာတုန်းမှာ ဒူဘိုင်းကို ရောက်ရှိနေတာပါ။

အင်္ဂလန်ကစားသမားဟောင်း ဂျိုလ်ကိုးက ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအနေနဲ့ အဆင့်လေးဝင်ခွင့်ကို ရယူ နိုင်မှာဖြစ်ကြောင်း၊ စပါးအနေနဲ့ အဆင့်လေးဝင်ခွင့်ရဖို့ ဝေးကွာနေတယ်လို့ ထင်မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနောက်ခံလူ မက်ဂွဲရားက လူငယ်ကြယ်ပွင့် အီလန်ဂါအနေနဲ့ ပထမအသင်းမှာ နေရာရလာတဲ့အပေါ် သူ့ကိုယ်သူ ဂုဏ်ယူသင့်ကြောင်း၊ မန်ယူမှာ အရည်အသွေးမြင့် ကြယ်ပွင့်တွေများပြားနေပြီး ကစားဖို့လုံလောက်တဲ့စွမ်းရည်ရှိမှသာ အခွင့်အရေးရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က နယူးကာဆယ်အနေနဲ့ လင်ဂတ်ကို ကြိုးကြိုးစားစား ခေါ်ယူခြင်း မပြုတဲ့အပေါ် အံ့သြမိတယ်လို့ ဆိုလိုက်ပြီး လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းမှာကစားတုန်းက အတော် ကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး သူ့အနေနဲ့ မန်ယူကနေ သေချာပေါက် ထွက်ခွာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လင်ဂတ်ကို ဒီ အပြောင်းအရွှေ့မှာ နယူးကာဆယ်ကလည်း အငှားနဲ့ ခေါ်ဖို့ ကြိုးစားခဲ့ပြီး မန်ယူနဲ့ ဆုကြေး ပိုင်း ညှိနှိုင်းမရခဲ့တာကြောင့် အဆင်မပြေသေးဘဲ ရှိနေပါတယ်။

အင်္ဂလန် ဝါရင့်နည်းပြ ဆမ်အလာဒွိုက်စ်က မန်ယူအနေနဲ့ ဒေါ့မွန်တိုက်စစ်မှုး ဟာလန်းကို မခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့ပြီး ဆိုးလ်ရှားသာ ရှိနေသေးရင် မန်ယူအနေနဲ့ ဟာလန်းကို လိုက်နေဦးမှာဖြစ်ကြောင်း၊ ဟာလန်းကို မခေါ်နိုင်ခဲ့တာ မန်ယူရဲ့ အကြီးမားဆုံး အမှားဖြစ်ကြောင်း ဆိုခဲ့ပါတယ်။