ဒိုလေးကို ဝေဖန်နေတဲ့ ငနဲသားတွေ ခုမင်းတို့ မြင်ပြီမို့လားလို့ ပြန်တုန့်ပြန်တဲ့ ဆိုးရှား
ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးက မန်ချက်စတာ ယူနိုက်တက်ကို နိုင်ပွဲရရှိစေခဲ့တဲ့နောက် အိုလီဂန်နာဆိုးရှားကပဲ သူ့ရဲ့ တိုက်စစ်မှူးအပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးထားပေမယ့် အဆုံးသတ်မှာ အတ္တလန္တာကို အနိုင်ယူနိုင်ခဲ့တာဖြစ်သလို ကလပ်အတွက် အံ့အားသင့်ဖွယ် ၃-၂ နဲ့ ပြန်လာနိုင်အောင် ရော်နယ်ဒိုရဲ့ နောက်ကျ သွင်းဂိုးက အကူအညီပေးခဲ့တာပါ။
ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားတို့နဲ့အတူ ဒီပွဲမှာ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း သူ့ရဲ့ လုပ်အားနှုန်း၊ ခံစစ်ကို လိုက်ပါကူညီပေးနိုင်စွမ်း နည်းပါးမှုအတွက် ဝေဖန်ခံခဲ့ရတာ ဖြစ်ပေမယ့် ဒီနေ့ပွဲရဲ့ အနိုင်ဂိုးက ရော်နယ်ဒို ဘယ်လောက်ကောင်းလဲဆိုတာ ပြသနေတာဖြစ်တယ်လို့ အိုလီဂန်နာဆိုးရှားက ဆိုပါတယ်။
“ ပထမပိုင်းမှာ သူ အခွင့်အရေးတွေ ရခဲ့ပေမယ့် မားကပ်က အခက်အခဲကြားကနေ ဆက်ရုန်းကန်နေခဲ့တယ်။ သူ ဒဏ်ရာနည်းနည်း ရခဲ့ပေမယ့် သူက ကျွန်တော်တို့အတွက် သိပ်ကို အရေးပါလာမှာပါ။ ဟယ်ရီရဲ့ အလိုက်သင့် အဆုံးသတ်သွင်းဂိုးက ကောင်းခဲ့ပါတယ်။ သူ့ကို အဲ့လို ဂိုးမျိုးသွင်းဖို့ ဘယ်သူမှ မျှော်လင့်ခဲ့ကြမယ် မထင်ဘူး။

ပြီးတော့ ခရစ္စတီယာနိုက ဂိုးရှေ့မှာ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ့ရဲ့ အားထုတ်မှုနဲ့ လုပ်နိုင်စွမ်းကို ဝေဖန်ချင်တဲ့လူရှိရင် ဒီပွဲကိုသာ ကြည့်လိုက်ပါ။ သူ ဘယ်လိုတောင် ပြေးလွှား ကြိုးစားခဲ့လဲဆို ကြည့်ကြည့်ပါ။
တိုက်စစ်ကို သူ ဦးဆောင်ခဲ့တဲ့ပုံစံအတွက် ကျွန်တော် တကယ်ကို ကျေနပ်ခဲ့ပါတယ်။ လမ်းကြောင်းတွေကြား ပြေးလွှားပြီး နေရာလွတ်ရှာဖွေတယ်၊ ပိုပြီး ဖိအားပေးကစားတယ်၊ ကျွန်တော်တို့က ပရိသတ်တွေကို ကျွန်တော်တို့နောက်မှာ ရှိစေချင်တာပါ။
အဆုံးသတ်မှာ သူက သူ့ကိုယ်ပိုင် ၆ ကိုက်ဧရိယာထဲ ရောက်လာခဲ့တယ်။ သူ ပြေးလာတာကို ခင်ဗျားတို့ မြင်ရမှာပါ။ သူက ဗဟိုတိုက်စစ်မှူးတစ်ယောက် လုပ်သင့်တဲ့ အရာအားလုံးကို လုပ်ခဲ့တယ်။ အနိုင်ဂိုးကတော့ အရာအားလုံးထက် ပိုကေင်းတဲ့ အရာပေါ့”လို့ ဆိုးရှားက ပြောပါတယ်။
ရော်နယ်ဒိုဟာ ၂၀၀၉ တုန်းက ရီးရဲလ်မက်ဒရစ်ထံ ထွက်ခွာသွားပြီးနောက် ဒီနွေရာသီမှာ ယူနိုက်တက်ထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်ထံ ပြန်လာပြီးကတည်းက သူကစားခဲ့တဲ့ ၈ ပွဲမှာ ၆ ဂိုး သွင်းယူခဲ့ပြီး အဲ့ဒီ့ထဲက ၃ ဂိုးကတော့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ၃ ပွဲကနေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။