ဒမ်ဘီလီ၊ လော့တပ်ချိစ်၊ ခံစစ်သမား ၃ ယောက် လက်လွှတ်ရမယ့် အခြေအနေနဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီးနည်းပြတူချယ်ကတော့ လေ့ကျင့်ရေးကွင်းကို နောက်ကျခဲ့တဲ့ ကွင်းလယ်လူကိုဗာဆစ်ကို အဝတ်လဲခန်းအတွင်း နောက်ပြောင်ရင်း သတိပေးခဲ့ပါတယ်။

“လေ့ကျင့်ရေး အစီအစဉ်က ၁၁ နာရီစမှာ။ မင်းက ဖိနပ်ကို ၁၁ နာရီ ၁၉ မိနစ်မှာမှ ဝတ်နေတယ်။ ဒါက လက်မခံနိုင်စရာပဲ”လို့ တူချယ်က ကိုဗာဆစ်ကို ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဇိုလာက ချဲလ်ဆီးအနေနဲ့ ရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ အက်ပီကျူတာတို့ ၃ ဦးထဲက ၂ ဦးကို အသင်းမှာ ဆက်ထိန်းနိုင်ကြောင်း၊ ဒါပေမဲ့ ဘယ်ကစားသမားတွေ ဆက်နေမလဲ ဆိုတာတော့ သူ့အနေနဲ့ မသိရှိကြောင်း၊ သူတို့ ၃ ဦး စလုံးကို အဆုံးရှုံးခံလို့မရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂျူဗင်တပ် ဟာ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ကြောင်း အီတလီ သတင်းတွေက ဖောြ်ပထားပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂျိုလ်ကိုးက ချဲလ်ဆီးကွင်းလယ်လူ ကန်တီဟာ ဂန္ထဝင်ကစားသမားဟောင်း လမ်းပတ်ထက် ချဲလ်ဆီးမှာ ပိုပြီးခမ်းနားမှာဖြစ်ကြောင်း၊ ကန်တီဟာ ကစားသမားဘဝမှာ ဆုဖလားများစွာ ပိုင်ဆိုင် ထားခဲ့ပြီး အသင်းအပေါ် လွှမ်းမိုးမှု ကြီးမားသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ကက်စ်ကာရီနိုက လမ်းပတ်အနေနဲ့ နည်းပြဘဝဖြတ်သန်းမှုမှာ ကံကောင်းခဲ့ပြီး ငွေဇွန်း ကိုက်သလိုဖြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ လမ်းပတ်အနေနဲ့ အဲဗာတန်မှာ သူ့ရဲ့စစ်မှန်တဲ့ အရည်အသွေးကို ပြရတော့မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူနဲ့ အပြိုင် ကြိုးပမ်းလျက်ရှိနေကြောင်း စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ ၂၄ နှစ် အရွယ် ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။

အဲဗာတန် နည်းပြသစ်ဖြစ်လာတော့မဲ့ လမ်းပတ်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်နဲ့ ဂူဒီဆင်ပတ်ခ်မှာ ပြန်လည် လက်တွဲဖို့ စီစဉ်နေပါတယ်။ အဲဗာတန်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ လော့တပ်ချိစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပြီး လမ်းပတ်ရဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်နဲ့ ဂလာလတ်ချ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ရှိုဘတ်က ခရစ္စတန်ဆန်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သင့်ကြောင်း၊ ခရစ္စတန်ဆန်ဟာ အလွန်အဆင့်မြင့်မားတဲ့ နောက်ခံလူဖြစ်ပြီး အံ့ဖွယ်ခြေစွမ်း ကို ပြသလျက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။