အငှား ထွက်တော့မယ့် ဗန်ဒီဘိခ်နဲ့ ဟန်ဒါဆန်၊ မူလန်စကီး ဝေဖန်မှု၊ ချူဝါမန်နီ တန်ကြေးနဲ့ ယနေ့ မန်ယူ သတင်းတိုများ
မန်ယူ အရန် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ နယူးကာဆယ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ သွားဖို့ နီးစပ်နေပါတယ်။ ဂိုးသမား ရှာဖွေနေတဲ့ နယူးကာဆယ်ဟာ အာဆင်နယ်မှ လီနိုကိုလည်း ချိတ်ဆက်ထားပါတယ်။
အာဂျင်တီးနားကလပ် ရေးဗားပလိတ်အနေနဲ့ မန်ယူ တိုက်စစ်မှုး ကာဗာနီကို ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း သိရပါတယ်။ နွေရာသီမှာ မန်စီးတီးကို ပြောင်းတော့မဲ့ အယ်ဗာရက်ဇ်ရဲ့ နေရာမှာအစားထိုးဖို့အတွက် ရေဗားပလိတ်ဟာ ကာဗာနီကို ပစ်မှတ်ထားတာပါ။
အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အငှားခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး နော်ဝေသားဟာ နည်းပြသစ် လမ်းပတ် လက်ထက် ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

အေစီမီလန်အနေနဲ့ မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူဖို့အတွက် ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း သိရပါတယ်။ ဒါပေမဲ့ ဘိုင်လီအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေထွက်ခွာမှာ မဟုတ်ပါဘူး။
မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ လင်ဂတ်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ သူ့အတွက် နေရာမရှိတော့တဲ့ မန်ယူအသင်းထံ ပြန်လာခဲ့ခြင်းကို အံ့အားသင့်မိကြောင်း၊ လင်ဂတ်အနေနဲ့ ပွဲကစားခွင့် အတွက် အသင်းပြောင်းရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူ လက်ထောက်နည်းပြဟောင်း မူလင်စကီးက မန်ယူအနေနဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ထွက်ခွာပြီးကတည်းက ကိုယ်ပိုင်ဟန် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မန်ယူဟာ ဖာဂူဆန် လက်ထက်တုန်းက ကိုယ်ပိုင်ဟန်နဲ့ ဆွဲဆောင်မှုရှိတဲ့ အသင်းဖြစ်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

စီးရီးအေသမိုင်းတစ်လျှောက် ဈေးကွက်တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုက ရပ်တည်နေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်မှာ ကစားခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ဈေးကွက် တန်ကြေး ယူရို ၁၁၇ သန်းရှိခဲ့ပြီး အဲဒီပမာဏက ဈေးကွက်တန်ကြေး အမြင့်ဆုံး ဖြစ်ခဲ့တာပါ။
မန်ယူနဲ့ ချဲလ်ဆီးတို့ဟာ မိုနာကိုကွင်းလယ်ကြယ်ပွင့် ချူဝါမန်နီ ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ လီဂူးမှာ တစ်စတစ်စခြေစွမ်းပိုင်း တောက်ပလာနေပြီး မိုနာကိုတော့ သူ့အတွက် ယူရိုသန်း ၈၀ တောင်းဆိုထားပါတယ်။