ရီးရဲလ်နဲ့ ကြိုချိတ်လိုက်တဲ့ အမ်ဘာပေး၊ စာချုပ်ဖျက်ပြီး ဘာစီလိုနာ သွားမယ့် အူဘာနဲ့ ယနေ့ နံနက်ခင်း သတင်းများ

အဲဗာတန်နည်းပြသစ်ဖြစ်လာခဲ့ပြီးနောက် လမ်းပတ်က “အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ စကားပြောခဲ့ပြီးနောက် သူတို့ရဲ့ ရည်မှန်းချက် ကို ခံစားလို့ ရနိုင်ပါတယ်။ အဲဗာတန်က ထူးခြားတဲ့အသင်းဖြစ်ပြီးပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကိုလည်း တွေ့မြင်နိုင်ပါတယ်။ ကစားသမား တွေကို ပထမဆုံးပြောလိုတာက အတူတကွ တိုက်ပွဲဝင်သွားမယ်ဆိုတာပါပဲ”လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်း ကွင်းလယ်လူ လင်ဂတ်ကတော့ ၎င်းရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တဲ့ အသင်းတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လီဘော်ကတော့ ဘာစီလိုနာတောင်ပံကစားသမားဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပီအက်စ်ဂျီရဲ့လုပ်ရပ်ကို သတိပေးခဲ့ပြီး ဒမ်ဘီလီဟာ ပီအက်စ်ဂျီအတွက် ခေါ်ယူမှုကောင်းမဖြစ်နိုင်ကြောင်း၊ ဒါက ပီအက်စ်ဂျီအတွက် အလောင်းအစား ဆန်လွန်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဂျူဗင်တပ် အသင်း ကွင်းလယ်လူ ရမ်ဆေးကတော့ ရိန်းဂျား အသင်းထံကိုသာ အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဆာလတ်ဟာ အီဂျစ်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ကစားတဲ့ ၂၀၁၇ ခုနှစ်ကစပြီး အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေထဲကမှ ၆၂ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။ အီဂျစ်ဟာ ထိုကာလအတွင်း အာဖရိကဖလားမှာ ဂိုး ၁၃ ဂိုးရှိခဲ့ပြီး ဆာလတ်ရဲ့ ပါဝင်ပတ်သက်မှုက ၈ ဂိုးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အာဖရိကဖလားပြိုင်ပွဲမှာ အမြင့်ဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့တာပါ။

ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရမဲ့အပေါ် စိတ်လှုပ်ရှားလျက်ရှိနေကြောင်း၊ သူ့အနေနဲ့ ဒီဆုဖလားကို ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ဘောလုံးပွဲတွေရပ်နားထားချိန်မှာ ဆုဖလားရယူနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်ကို တနင်္လာနေ့မနက်ပိုင်းမှာ ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီး အငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ကလပ်နှစ်သင်းကြား ညှိနှိုင်းမှု အဆင်မပြေခဲ့တဲ့နောက် ကစားသမားဟာ အာဆင်နယ်နဲ့ စာချုပ် ဖျက်သိမ်းပြီး အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ က လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းမဲ့ အမ်ဘာပေဟာ ရီးရဲမှာ တစ်နှစ်ယူရိုသန်း ၅၀ အထိ ရရှိမှာလို့သိရပြီး ရီးရဲဘက်က တရားဝင် ထုတ်ပြန်ဖို့သာ လိုအပ်တော့ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းတောင်ပံ ကစားသမား ဒမ်ဘီလီနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပေမယ့် လာမယ့် နွေရာသီလောက်မှသာ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။