ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ကနေ အဂွယ်ရို လက်သစ်ကို ရရှိလိုက်ပြီဖြစ်တဲ့ မန်စီးတီး
မန်စီးတီးဟာ ရေးဗားပလိတ်ကနေ အာဂျင်တီးနား တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ အင်္ဂလန်နဲ့ အာဂျင်တီနား မီဒီယာတွေရဲ့အဆိုအရ စီးတီးဟာ အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမားအတွက် ပေါင် ၁၅ သန်း ပေးဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ရေးဗားကို ၇ နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ဖလားအောင်မြင်ဖို့ ကူညီပေးခဲ့တဲ့ တိုက်စစ်ကစားသမားဟာ စီးတီးထံ ချက်ချင်း ပြောင်းရွှေ့မှာမဟုတ်ပဲ နွေရာသီကျမှ ရောက်ရှိလာဖို့ မျှော်လင့်ရပါတယ်။ အယ်ဗာရက်ဇ်က အစောဆုံးအနေနဲ့ ဇွန်လ မတိုင်ခင်အထိ အသင်းမှာ ဆက်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
အယ်ဗာရက်ဇ်ဟာ ၂၀၂၂ တစ်နှစ်လုံး အသင်းမှာ ဆက်နေနိုင်ဖွယ်ရှိတယ်လို့တောင် ပြောနေကြပြီး သူဟာ (ချန်ပီယံလိဂ်လိုမျိုး) ကိုပါ လီတာတာဒိုးရက်စ် နောက်ပိုင်းအဆင့်တွေအထိ ရေးဗားအတွက် ဆက်လက် ကစားပေးချင်တာကြောင့် ဇန်နဝါရီ ၂၀၂၃ ကျမှ စီးတီးထံ ပြောင်းရွှေ့နိုင်ပါတယ်။
စီးတီးဟာ ဒီလအစောပိုင်းက ဘာစီလိုနာထံ ဖာရန်တောရက်စ်ကို ပေါင် ၅၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးအသစ်တစ်ယောက် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ တောရက်စ်နဲ့ ရွယ်တူဖြစ်တဲ့ အယ်ဗာရက်ဇ်အတွက် တောရက်စ်ကို ရောင်းချရာက ရတဲ့ငွေပမာဏရဲ့ လေးပုံတစ်ပုံ အနည်းငယ်ကျော်ကျော်လောက်ကိုသာ အသုံးပြုရမှာပါ။

ရေးဗားက သူ့ရဲ့ ခြေစွမ်းကြောင့် ဥရောပထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို မြန်မြန် ရရှိခဲ့ပြီး အင်တာမီလန်နဲ့ ယူနိုက်တက်တို့က သူ့ကို ခေါ်ယူချင်တဲ့ ဆန္ဒရှိကြောင်း ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးဟာ သူ့ကို ခေါ်ယူနိုင်ရေး ပြိုင်ဆိုင်မှုမှာ အနိုင်ရခဲ့တာဖြစ်တယ်။
အယ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရေးဗားအတွက် ၂၀၁၄ နောက်ပိုင်း ပထမဆုံး နေရှင်နယ်ဖလား ရရှိစေဖို့ ၁၈ ဂိုးသွင်းယူပြီး ကူညီပေးခဲ့သလို လိဂ်မှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနား လက်ရွေးစင်လည်း ဖြစ်ပြီး မနှစ်က ကိုပါအမေရိက အောင်မြင်ခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့ပေမယ့် နိုင်ငံအသင်းအတွက် ပွဲထွက်ရခြင်းမရှိသေးပဲ ၄ ကြိမ်သာ လူစားဝင် ကစားခဲ့ရတာပါ။
“ သူက ဘယ်နေရာမှာမဆို ကစားချင်စိတ်ရှိပြီး တာဝန်တွေအများကြီး ယူချင်တဲ့ အရမ်းကို စွယ်စုံရတဲ့ ကစားသမားတစ်ယောက်ပါ။ အခု သူက အရမ်းအရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာတော့မယ့် အချိန်ကို ရောက်နေပါပြီ”လို့ ဂယ်လာဒိုက အာဂျင်တီးနားအသင်း ကွန်မြူနတီဒိုင်းဖလား ရရှိခဲ့ပြီးနောက်မှာ ပြောဆိုခဲ့သေးတာဖြစ်ပါတယ်။