နောက်ဆုံးရက်မှာ ရလိုက်တဲ့ တိုက်စစ်လူငယ်လေး၊ ကီပါ၊ ဒမ်ဘီလီ၊ လမ်းပတ်တို့နဲ့ ချဲလ်ဆီး သတင်းများ
အဲဗာတန် နည်းပြသစ် လမ်းပတ်အနေနဲ့ ချဲလ်ဆီးမှာ လက်တွဲခဲ့တဲ့ အသင်းဖော်ဟောင်း အက်ရှ်လေကိုးကို အဲဗာတန် နည်းပြအဖွဲ့ဝင်အဖြစ် အားဖြည့်လိုနေကြောင်း သိရပါတယ်။ အက်ရှ်လေကိုးဟာ လက်ရှိမှာ အင်္ဂလန်ယူ -၂၁ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိနေတာပါ။
ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချာလ်တန်အသင်းမှ တိုက်စစ် လူငယ်လေး မေဆန် ဘက်စ်တိုး ကို ခေါ်ယူနိုင်လိုက်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ဘက်စ်တိုး ကို ရာသီကုန်ထိ လိဂ်ဝမ်း ကလပ်မှာပဲ ဆက်ကစားဖို့ ချဲလ်ဆီးက အငှား ပြန်ချပေးခဲ့ပါတယ်။
ဇန်နဝါရီမှာ ဘာစီလိုနာ တောင်ပံ တိုက်စစ်သမား ဒမ်ဘီလီ ကို ချဲလ်ဆီးက မခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့် နွေမှာ ထပ်မံ ကြိုးပမ်းဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအနေနဲ့ ၁၈ နှစ်အရွယ်ကွင်းလယ်လူ ဟာဗေးဗယ်လ်အတွက် လိဂ်ချန်ပီယံရှစ်ကလပ် ဟတ်ဒါဖီးလ်က အငှားနဲ့ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအများစုဟာ အဆိုပါ ကစားသမားကို လာမဲ့နွေရာသီမှာထပ်ပြီး ကြိုးပမ်းသွားဦးမှာပါ။
အက်သလက်တီကို မက်ဒရစ် ကစားသမား ကာရက်စ်ကိုကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်နေကြောင်း သိရပါတယ်။ ကာရက်စ်ကိုရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၆၀ ရှိနေပြီး လာမဲ့နွေရာသီမှာ အက်သလက်ကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ချဲလ်ဆီး ဂိုးသမားဟောင်း ပီတာချက်ကတော့ မန်ဒီ မရှိစဉ်ကာလ အတွင်း အသင်းဂိုးပေါက်ကို အကောင်းဆုံး စောင့်ရှောက်ထားတဲ့ ကီပါကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး ကီပါရဲ့လက်စွမ်းက အရင်ကထက် များစွာကောင်းမွန်လာကြောင်း၊ အသင်းရဲ့ ဂိုးသမားတွေအနေနဲ့ စုစုစည်းစည်းနဲ့ အတူတကွ အကောင်းဆုံး ကြိုးပမ်းလျက်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်လည်း ပါဝင်လာပါတယ်။ အက်ပီကျူတာက ချဲလ်ဆီးနဲ့စာချုပ်သက်တမ်း ၃ နှစ် ချုပ်ဆိုလိုပေမဲ့ ချဲလ်ဆီးက တစ်နှစ်သာ ချုပ်ဆိုလိုတာကြောင့် ညှိနှိုင်းမရဖြစ်နေပြီး အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။

အဲဗာတန်ကစားသမားဟောင်း ဟတ်ချီဆန်က နည်းပြလမ်းပတ်အနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူတွေဖြစ်တဲ့ ဘာကလေနဲ့ လော့တပ်ချိစ်တို့ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်အနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကင်နေဒီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း တယ်လီဂရပ်ဖ် က ဖော်ပြထားပါတယ်။ ၂၅ နှစ်အရွယ် ကစားသမားဟာ ပထမရာသီဝက်မှာ ဖလာမင်ဂိုကို သွားရောက် ကစားခဲ့ရာမှ ဒုတိယ ရာသီဝက်မှာ အသင်းထံပြန်လာခဲ့တာပါ။