မန်ချက်စတာ ယူနိုက်တက်က ဒီနှစ် ချန်ပီယံလိဂ်နဲ့ FA ဖလား ယူမယ် ဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ဒီရာသီမှာ ထိပ်ဆုံးလေးသင်းထဲဝင်ပြီး အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲ အောင်မြင်ဖို့ စိန်ခေါ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီအတွင်း တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ အတက်အကျတွေ မျိုးစုံ ကြုံတွေ့ခဲ့ရတာပါ။ ရာသီအစောပိုင်း ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ယိုင်နဲ့နေတဲ့ ပုံစံတွေကြောင့် နောက်ဆုံးမှာ အိုလီဂန်နာဆိုးရှား ထုတ်ပယ်ခံခဲ့ရပြီး ရက်ဖ်ရန်းနစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ရပါတယ်။

သရဲနီတွေဟာ လက်ရှိ လိဂ် အဆင့် ၄ နေရာမှာ ရောက်နေပြီး နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ကို အဆင့် ၄ ကနေ ရရှိဖို့ ကြိုးစားနေတာပါ။

ရန်းနစ်ရဲ့အသင်းဟာ အက်ဖ်အေဖလားမှာ မစ်ဒယ်ဘရော့နဲ့ စတုတ္ထအဆင့် ကစားရဖို့ရှိပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ ရည်မှန်းထားသလို ဖလားပြိုင်ပွဲတွေမှာလဲ တတ်နိုင်သလောက် အားကောင်းကောင်းနဲ့ ရာသီကို အဆုံးသတ်ဖို့ အရေးကြီးတဲ့အကြောင်း ဖာနန်ဒက်စ်က ပြောပြခဲ့ပါတယ်။

“ပရီးမီးယားလိဂ်ဖလားကိုတော့ မှန်းလို့ မရတော့ပါဘူး။ ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းထဲဝင်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ကစားခွင့်ရဖို့ တိုက်ပွဲဝင်ရမှာပါ။ တချိန်ထဲမှာလဲ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား အောင်မြင်ဖို့လဲ ကြိုးစားရမယ်။

ဒီဖလားတွေအတွက် ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်ခြေကို တခြားသူတွေ ဘယ်လိုထင်လဲ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော်တို့ဟာ ဒီဖလားတွေ အောင်မြင်နိုင်တဲ့ အရည်အသွေးနဲ့အခွင့်အရေးရှိတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ မထွက်ခွာခင်အထိ ဖလားရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားရှိရမှာပါ”လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

လာမယ့်ရာသီတွေမှာ ဆုဖလားတွေ စိန်ခေါ်ဖို့ အရေးကြီးပုံကိုလဲ ဖာနန်ဒက်စ်က အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ရည်ရွယ်ချက်က အတူတူပါပဲ။ ကျွန်တော် ကလပ်နဲ့အတူ ဆုဖလားတွေ အောင်မြင်ချင်တယ်။ ကလပ်မှာ ကျွန်တော့်ရဲ့ နောက်ဆုံးရက်မတိုင်ခင်အထိ ဒါကိုပဲ စိတ်ထဲထည့်ထားမှာပါ။ ဘယ်တော့လဲဆိုတာ မသိပေမယ် ဒီကလပ်နဲ့အတူ ဆုဖလားတွေ အောင်မြင်နိုင်တယ်လို့ ကျွန်တော် ယုံကြည်နေတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ဒီကလပ်က ဆုဖလားနဲ့ ထိုက်တန်ပါတယ်။ ဒီအတွက် တစ်ဆင့်ချင်းစီ ကြိုးစားရမယ်။ ကျွန်တော်တို့မှာ အရည်အချင်းရှိတယ်ဆိုတာ သိပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်ထားဖို့ လိုတယ်”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့တာဖြစ်ပါတယ်။