ဘာစီနဲ့ ထရိန်နင်တောင် ဆင်းနေတဲ့ အူဘာ၊ ဇန်နဝါရီ ငွေသုံးအများဆုံးအသင်းနဲ့ နံနက်ခင်း သတင်းများ
အာဆင်နယ် ကစားသမားဟောင်း ပီတစ်ကတော့ အူဘာမီယန်ကို ရှင်းထုတ်ခဲ့တဲ့ နည်းပြ အာတီတာရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ သုံးသပ် ထောက်ခံလိုက်ပါတယ်။
ချဲလ်ဆီးအသသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ မခေါ်နိုင်ခဲ့တဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို လက်လျှော့ဦးမှာ မဟုတ်ဘဲ လာမဲ့နွေ မှာ ထပ်ပြီး ကြိုးပမ်းသွားဦးမှာပါ။ ဒမ်ဘီလီ က နွေရာသီမှာ ဘာစီလိုနာ ကနေ အလွတ်နဲ့ ထွက်ခွာမှာဖြစ်ပြီး သူ့ကို ပီအက်စ်ဂျီကလည်း ချိတ်ဆက်နေပါတယ်။
အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ အူဘာမီယန်အနေနဲ့ ဘာစီလိုနာကို တရားဝင်ပြောင်းရွှေ့ခြင်း မပြုရသေးခင်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့တဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ကွင်းလယ်လူပေါ့ဘာကို အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်ရာမှာ အလျင်စလိုပြုလုပ်ခြင်း မရှိဘဲ အမြဲတမ်းနည်းပြသစ် ခန့်အပ်ပြီးတဲ့ စောင့်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။ ပေါ့ဘာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ရန်းနစ်သာ နည်းပြအဖြစ် ဆက်ရှိရင် ၎င်းက အသင်းမှာ ဆက်နေလိုတယ်လို့ သိရပါတယ်။
လီဗာပူးအနေနဲ့ ဖူလ်ဟမ်ကြယ်ပွင့် ကွင်းလယ်လူ ကာဗယ်ဟိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ မရခဲ့ပေမယ့် လာမယ့် နွေမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အတွင်း ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ငွေသုံးအများဆုံးက နယူးကာဆယ် ဖြစ်ခဲ့ပါတယ်။ ပိုင်ရှင်သစ်တွေ လက်ထဲရောက်ရှိလာတဲ့ နယူးကာဆယ်ဟာ ဇန်နဝါရီမှာ အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး စုစုပေါင်း ယူရို ၈၇ သန်းအထိ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တောင်ပံကစားသမား မက်ကင်နေးကတော့ လက်ရွေးစင်အသင်းမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီး တိုက်စစ် ကစားသမားပူလီဆစ်နဲ့ ပတ်သက်ပြီး အားပေးစကားပြောဆိုခဲ့ကာ ပူလီဆစ်အနေနဲ့ ခြေစွမ်းကောင်းတွေနဲ့ ပြန်လာမယ်ဆိုတာ သံသယ မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ်က သူ့အနေနဲ့ ဂျူဗင်တပ်မှာ စီရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခြင်းအပေါ် ဖိအား မရှိကြောင်း ဆိုလိုက်ပြီး နံပါတ် ၇ ဟာ ကျောနံပါတ် ၉ နဲ့ အနီးစပ်ဆုံးဖြစ်တာကြောင့်ရွေးချယ်ခဲ့ကြောင်း၊ ဂျူဗင်တပ်မှာတော့ နံပါတ်တိုင်းဟာ ဖိအားရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။