ကစားသမားသစ်လေး ဘတ်စ်တိုး၊ ဒမ်ဘီလီရဲ့ အံ့ဖွယ် ငြင်းပယ်မှု၊ ပြောခံနေရတဲ့ မာရီနာနဲ့ ချဲလ်ဆီး သတင်းများ
အဲဗာတန် အသင်းမှာ လမ်းပတ် နည်းပြ ဖြစ်လာပြီးနောက် ၂၄ နာရီ အတွင်း ကစားသမားသစ် ၂ ယောက် ခေါ်နိုင်ခဲ့ပေမယ့် နည်းပြတူချယ်ဟာ ချယ်ဆီးမှာ အပြောင်းအရွှေ့ကာလ ၃ ကြိမ် ကြုံခဲ့ပေမယ့် တစ်ယောက်သာ ခေါ်ယူနိုင်ခဲ့တာကြောင့် ချယ်ဆီး အကြီးအကဲတွေနဲ့ ဒါရိုက်တာ မာရီနာ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒေ့ါမွန်တိုက်စစ်မူှးဟာလန်း ကို ခေါ်ယူလိုပေမဲ့ ပရီးမီးယားလိဂ်နဲ့ အထိုင်မကျမှာကို စိုးရိမ် နေပါတယ်။ ဘွန်ဒက်လီဂါကနေ ပြောင်းလာတဲ့ ဝါနာ၊ ကိုင်ဟာဗက်ဇ်တို့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခြင်းက ချဲလ်ဆီးရဲ့ စိုးရိမ်မှုကို ပိုစေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ အသင်းရဲ့ အနာဂတ် ကစားသမားတစ်ဦးဖြစ်တဲ့ လူငယ်ကြယ်ပွင့် ဟာဗေးဗယ်လ် ကို ရေရှည်စာချုပ် သက်တမ်း တိုးမြှင့်လိုလျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချဲလ်ဆီး တာဝန်ရှိသူတွေဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ချာလ်တန်နည်းပြ ဂျက်ဆန်က ချဲလ်ဆီးကိုပြောင်းရွှေ့သွားခဲ့တဲ့ လူငယ်ကြယ်ပွင့် ဘက်စ်တိုး နဲ့ ပတ်သက်ပြီး ချဲလ်ဆီးကို ပြောင်းသွားတာ ဘက်စ်တိုးရဲ့ တိုးတက်မှု အတွက် များစွာ အထောက်အကူပြုကြောင်း၊ ဘက်စ်တိုး ဟာ အသင်းက လူတိုင်းချစ်ကြတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ဒုတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်ရှိနေပါတယ်။ ကိုဗာဆစ်ဟာ အိမ်ကွင်းပွဲစဉ်တွေမှာ Rating 7.78 ရှိပြီး လီဗာပူးနောက်ခံလူ အာနိုးလ်ပြီးနောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးဘုတ်အဖွဲ့အနေနဲ့ ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ ပျက်ကွက်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ နည်းပြ တူချယ်စိတ်ကြိုက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ တူချယ်အနေနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်၊ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီတို့ကို ခေါ်ယူလိုနေတာပါ။

ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက တောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ ချဲလ်ဆီးကိုမပြောင်းခဲ့တာ အံ့အားသင့် နေပါတယ်။ “ဒမ်ဘီလီအနေနဲ့ အင်္ဂလန်ကလပ် အသင်း တစ်သင်းရဲ့ကမ်းလှမ်းမှုကို လက်မခံခဲ့တာ အံ့အားသင့် မိပါတယ်။ ဒါက အဓိပ္ပာယ်မရှိပါဘူး။ အသင်းအတွက်ရော၊ သူ့အတွက်ပါ အကျိုးမရှိလို့လေ”လို့ လာပေါ်တာက ဆိုခဲ့တာ ပါ။
အဲဗာတန် နည်းပြသစ် လမ်းပတ်အနေနဲ့ ချဲလ်ဆီးမှာ လက်တွဲခဲ့တဲ့ အသင်းဖော်ဟောင်းအက်ရှ်လေကိုးကို အဲဗာတန် နည်းပြအဖွဲ့ဝင်အဖြစ် အားဖြည့်လိုနေကြောင်း သိရပါတယ်။ အက်ရှ်လေကိုးဟာ လက်ရှိမှာ အင်္ဂလန်ယူ -၂၁ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။