ပေါ့ဘာ ပြန်ပါမယ့်ပွဲ၊ ဘာစီလိုနာ ရောက်ဖို့ နီးစပ်ခဲ့တဲ့ ဒိုလေးနဲ့ ယနေ့ည မန်ယူသတင်းများ

သောကြာနေ့ညမှာ မစ်ဒယ်ဘရော့နဲ့ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေပွဲစဉ်မှာ နည်းပြရန်နစ် က ပေါ့ဘာကို ထည့်သွင်းရွေးချယ်ဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်သတင်း က ဖော်ပြထားပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က လင်ဂတ်အနေနဲ့ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်ယူအသင်းကနေ ထွက်ခွာ ခဲ့သင့်တာ ဖြစ်ကြောင်း၊ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြခဲ့သလိုမျိုး လင်ဂတ်အနေနဲ့ မန်ယူမှာ အလုပ်မဖြစ်ကြောင်း၊ ဝက်စ်ဟမ်းကသာ လင်ဂတ်အတွက် အကောင်းဆုံး နေရာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် အနေနဲ့ အဲဗာတန်မှာ ကစားရင်း ဝေဖန်သူတွေကို သက်သေပြနိုင်မှာဖြစ်ကြောင်း ထောက်ခံ အားပေးလိုက်ပါတယ်။

လိုက်ပဇ်စ် ဥက္ကဋ္ဌချီရီစတိုဖာက မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ကွင်းလယ်လူ ဟိုင်ဒါရာကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ကြောင်း၊ ဒါပေမဲ့ ဟိုင်ဒါရာက အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပြီး လိုက်ပ်ဇစ်မှာသာ ဆက်ရှိချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျာမနီဂန္ထဝင်ဟောင်း ရှဝိန်းစတိုင်ဂါက သူ့အနေနဲ့ မန်ယူမှာ ကစားစဉ်တုန်းက နည်းပြမော်ရင်ဟိုရဲ့ ချန်လှပ်မှုကိုခံခဲ့ရတာ အလွန် နာကျင်ခဲ့ရကြောင်း၊ သူ့အနေနဲ့ ယူ -၁၈ အသင်းမှာ ကစားခဲ့ရတာကို နားမလည်နိုင်ဖြစ်မိပြီး မော်ရင်ဟိုကတော့ ဒဏ်ရာကြောင့် လို့ အကြောင်းပြခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာနောက်ခံလူ ပီကေးကတော့ စီရော်နယ်ဒိုဟာ မန်ယူကနေ ထွက်ခွာပြီး ရီးရဲကိုမပြောင်းခင် ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ မာဆေးကွင်းလယ်လူ ကာမာရာ၊ မွန်ချင်ဂလာဘတ် ကွင်းလယ်လူ ဇာကာရီယာ၊ အာဂျင်တီးနားကြယ်ပွင့် အယ်ဗာရက်ဇ်တို့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ လက်လွှတ်ခံခဲ့ပါတယ်။

ရန်းနစ်ကို ယာယီနည်းပြ အဖြစ်သာ ခန့်ထားတာကြောင့် မန်ယူအနေနဲ့ အမြဲတမ်းနည်းပြ ခန့်အပ်ပြီးမှသာ ကစားသမားသစ် ဝယ်ယူမှုတွေကို ပြုလုပ်လိုခဲ့တာ ဖြစ်ပါတယ်။

မန်ယူဂန္ထဝင် ကစားသမားဟောင်းကြီး ရွိုင်ကိန်းဟာ နည်းပြလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်ဖို့ ရှိနေပါတယ်။ ရွိုင်ကိန်းအနေနဲ့ သူ့ရဲ့နည်းပြဘ၀ စတင်ခဲ့ရာ ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ ဆန်းဒါးလန်ဟာ လက်ရှိ လိဂ်ဝမ်းရဲ့အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။