ကော်စတာ အတွက် အံ့သြနေတဲ့ တယ်ရီ၊ ဒမ်ဘီလီ အတွက် လှုပ်ရှားနေခြင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးနဲ့အပြိုင် ဖူလ်ဟမ်ကြယ်ပွင့် ကာဗယ်ဟို ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း သိရပါတယ်။ ဒါပေမဲ့ ကာဗယ်ဟိုရဲ့ မိသားစုတွေကတော့ လန်ဒန်ကို ပြောင်းရွှေ့လိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

အဲဗာတန် နည်းပြ ဖြစ်လာတဲ့ လမ်းပတ်ဟာ ချဲလ်ဆီးက အသင်းဖော်ဟောင်း အက်ရှ်လေကိုးလ်ကို သူ့ နည်းပြ အဖွဲ့ဝင် အဖြစ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်း နေကြောင်း သိရပါတယ်။ ဒီလိုက်ချ်ဟာ ရာသီကုန်မှာ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်လို့ စူပါအေးဂျင့် ရွိုင်အိုလာက ဖွင့်ဟထားခဲ့ပြီး သူ့ကို ချဲလ်ဆီးနဲ့ ဘိုင်ယန်တို့က အပြိုင်လိုက်နေတာပါ။

ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို နွေရာသီမတိုင်ခင် အကြိုသဘောတူညီချက် ရယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းလျက် နေကြောင်း စကိုင်းစပေါ့ က ဖော်ပြထားပါတယ်။ ရာသီကုန်မှာအလွတ်နဲ့ ပြောင်းရွှေ့တော့မဲ့ ဒမ်ဘီလီကို ချဲလ်ဆီးနည်းပြတူချယ်က ခေါ်ယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်း ဟာ ဟွန်ဒူးရပ်စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ချဲလ်ဆီး တိုက်စစ် သမား ပူလီဆစ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပူလီဆစ်ဟာ လူစားဝင်ပြီးပြီးချင်း ၃မိနစ် အကြာမှာပဲ အမေရိကန်အတွက် ဂိုးတစ်ဂိုးသွင်းပေးခဲ့ပြီး အဲဒီပွဲစဉ်မှာ အမေရိကန်တို့ ၃ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးကတော့ Robot Referee နည်းစနစ်ပိုင်းကို ခံစားရမဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကလပ် အသင်း ဖြစ်လာတော့မှာပါ။ ချဲလ်ဆီးအသင်း ယှဉ်ပြိုင်မဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူကျွံ့၊ မကျွံ့ကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ပေးနိုင်မဲ့ Robot Referee နည်းပညာကို ထည့်သွင်းထားတာပါ။

ချဲလ်ဆီးဂန္ထဝင် ဂျွန်တယ်ရီကတော့ သူ့ရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း ဒီယေဂိုကော်စတာကို ပရီးမီးယားလိဂ် အသင်းတွေ မခေါ်ခဲ့ဲ့အပေါ် အံ့အားသင့်မိကြောင်း၊ ဒီယေဂိုကော်စတာဟာ အောင်နိုင်သူတစ်ဦးဖြစ်ပြီး ဘယ်အသင်းကိုမဆို အားကောင်း လာစေမဲ့သူ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရိုးမား ဒါရိုက်တာ ပင်တိုက ချဲလ်ဆီး အနေနဲ့ အေဘရာဟမ်ချ်ကို ရောင်းချရာမှာ ပြန်လည်ခေါ်ယူခွင့် စာချုပ်ထည့်သွင်း ချုပ်ဆိုထားတာ အမှန်ဖြစ်တယ် ဝန်ခံလိုက်ပေမဲ့ အဲဒီအချက်အပေါ် စိုးရိမ်မှုမရှိကြောင်း၊ လက်ရှိမှာ အေဘရာဟမ် ခြေစွမ်းပြနေတဲ့အပေါ် ပျော်ရွှင်မိကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်နဲ့ ပတ်သက်ပြီး အမြင်မှားခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ရိုက်ဟာ ယုံကြည်ချက်မြင့်မားပြီး နှိမ့်ချတတ်သူဖြစ်ကာ အံ့အားသင့်ဖွယ် အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ချဲလ်ဆီး က လာမဲ့နွေရာသီမှာ ရိုက်ကိုခေါ်ဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။