ဗိုလ်လုပွဲမှာ တွေ့နေတဲ့ ဆာလတ်နဲ့ မာနေး၊ ကာဗာနီကို မကြည်တဲ့ ပရိသတ်များနဲ့ ယနေ့ နံနက်ခင်း သတင်းများ

အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ လီဗာပူး တိုက်စစ်မှူးတွေဖြစ်ကြတဲ့မာနေးနဲ့ ဆာလတ်တို့ ထိပ်တိုက် ရင်ဆိုင် ရတော့မှာပါ။ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲံ့ ဆီမီးဖိုင်နယ်ပွဲမှာ အီဂျစ်က အိမ်ရှင် ကင်မရွန်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့ကာ ဆီနီဂါနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက သူတို့အသင်းရဲ့လူငယ်ကြယ်ပွင့် ကာဗယ်ဟိုအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ လီဗာပူးကို ပြောင်းရွှေ့နိုင်ခဲ့ခြင်းမရှိပေမဲ့ အသင်းမှာ ပျော်ရွှင်လျက်ရှိနေကြောင်း၊ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချိန်သားကိုက်ဖြစ်ပေါ်ဖို့ကအသင်းတိုင်းအတွက် ရှုပ်ထွေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဆောနီဂွတ်ဇ်က ရီးရဲလ် တိုက်စစ်မှူးဟာဇက် လာလီဂါမှာ ရုန်းကန်နေရခြင်းနဲ့ ပတ်သက်ပြီး ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ တစ်ဦးချင်းဖြတ်ကျော်မှုတွေကို များများစားစားပြုလုပ်ခဲ့ရကြောင်း၊ လာလီဂါမှာကျတော့ ပြိုင်ဘက်တွေက သူ့ကိုပိုပြီးအခက်တွေ့အောင် ပြုလုပ်နိုင်ကြောင်း၊ လာလီဂါကနေ ပရီးမီးယားလိဂ်ကိုပြောင်းတာက အခြေကျဖို့ ပိုလွယ်ပြီး ပရီးမီးယားလိဂ်ကနေ လာလီဂါကိုပြောင်းတာက အခြေကျဖို့ ပိုခက်ကြောင်းဆိုခဲ့ပါတယ်။

အာဖရိကဖလား ဆင်နွှဲခဲ့ရတဲ့ မာလီလက်ရွေးစင် ဘစ်ဆိုမာအနေနဲ့ ဒီတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်နဲ့ စပါးတို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ကစားလာခဲ့ပြီးနောက် အနားယူရက် ပိုတောင်းခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီရဲ့ လုပ်ရပ်ကို မန်ယူပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ကာဗာနီဟာ ကလပ်အသင်းအပေါ်များစွာ လေးစားမှု ကင်းမဲ့နေကြောင်း၊ ကာဗာနီအနေနဲ့ လစာ ထိုင်ယူနေသလိုဖြစ်နေကြောင်း၊ သူဟာ အသင်းမှာ မပါဝင်တဲ့အချိန်က ပိုများနေကြောင်း ပရိသတ်တွေက ဆိုခဲ့ကြတာပါ။

အဲဗာတန်နည်းပြ လမ်းပတ်ကတော့ သူ့အနေနဲ့ အသင်းမှာ ကာလရှည်ဆက်ရှိခွင့်ရဖို့ မျှော်လင့်ကြောင်း၊ အသင်းကို ရေတို၊ ရေရှည်အစီအစဉ်တွေနဲ့ အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ လက်ရှိမှာလည်းရလဒ်ကောင်းတွေ ရယူပေးဖို့လိုပြီး သူ့အတွက် အချိန်သိပ်မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်က သူတို့အနေနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို အရ ယူသွားမှာ ဖြစ်ကြောင်း၊ အဲဒီဖလားက သူတို့ ဖြည့်ဆည်းဖို့ လိုအပ်နေတဲ့ ဖလားတစ်လုံးဖြစ်ကြောင်း၊ စတမ်းဖို့ဘရစ်ချ်ရဲ့ ဖလားသိမ်းခန်းထဲ နောက်ထပ်ဆုဖလားတစ်လုံးထပ်ထည့်နိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အူဘာမီယန် ထွက်ခွာသွားပြီးနောက် အာဆင်နယ်ဟာ ပိုကောင်းတဲ့ အသင်းဖြစ်လာပြီဖြစ်ကြောင်း၊ အူဘာမီယန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂိုးတွေသွင်းနိုင်ခဲ့ပေမဲ့လတ်တလောမှာတော့ စွမ်းဆောင်ရည် ကျဆင်းနေကြောင်း၊ အာတီတာဟာ မှန်ကန်တဲ့လုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။