ဆာလီဘာကို ခေါ်ချင်တဲ့ အသင်းများ၊ လီဝင်အတွက် ထောက်ခံမှုနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေ ထပ်တိုးလာခဲ့ရပါပြီ။ လက်ရှိမှာ ဆာလီဘာ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်နဲ့အပြိုင် အင်တာနဲ့ အေစီမီလန်တို့ကလည်း စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လောရင်ဆန်ကတော့ အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ လူအင်အား ဖြည့်တင်းမှု ပြုလုပ်နိုင်ခြင်း မရှိပြီးနောက် နောက်ကြောင်းပြန်လှည့်သလိုဖြစ်ခဲ့ကြောင်း၊ အာဆင်နယ်ဟာ၇ ပွဲ၊ ၈ ပွဲဆက် ရှုံးပွဲမရှိ စွမ်းဆောင်နိုင်ပေမဲ့ အဲဒီနောက် ပြန်လည်ကျဆင်းသွားတတ်ကြောင်း၊ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အားနည်းလျက်ရှိကြောင်း၊ အာဆင်န်ယအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့မသေချာကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို ဗဟို တိုက်စစ်မှူးနေရာမှာ ထားကစားသင့်ကြောင်း၊ သွင်းဂိုးတွေအတွက် လာကာဇက်တစ်ဦးတည်းကိုအားကိုးလို့မရဘဲ မာတင်နယ်လီကို လည်း ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားဖို့ အခွင့်အရေးပေးသင့်ကြောင်း တိုက်တွန်းခဲ့ပါတ်ယ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ အလန်စမစ်က အာဆင်နယ်တိုက်စစ်မှူးအန်ကီတက်ချ်အနေနဲ့ သူ့ရဲ့ အရည်အသွေး ကို သက်သေပြဖို့ လိုအပ်နေကြောင်း၊ အန်ကီတက်ချ်ဟာ အသင်းငယ်တွေနဲ့ တွေ့ဆုံတဲ့ ကာရာဘောင် ပွဲစဉ်တွေမှာသာ ခြေစွမ်းပြပြီးဂိုးသွင်းနေတာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်မှာ အခွင့်အရေးရတဲ့အချိန်တွေမှာ အန်ကီတက်ချ် အနေနဲ့ ဘာမှမလုပ်ပြနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ တိုက်စစ်မူှးလာကာဇက်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အစီအစဉ် မရှိကြောင်း သိရ ပါတယ်။ လာကာဇက်ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို အသင်းဟောင်းလိုင်ယွန်က ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးမျိုး လိုအပ်နေတာဖြစ်ကြောင်း၊ အခုဆိုရင် အာဆင်နယ်ဟာ အူဘာအတွက် ပေးချေရမဲ့ လစာပေါင် ၂၅ သန်းသက်သာသွားကြောင်း၊ အာဆင်နယ်အတွက် အဲဗာတန်တိုက်စစ်မူှးလီဝင်က လိုက်ဖက်ကြောင်း၊ လီဝင်ဟာ ငယ်ရွယ်ပြီး နိုင်ပွဲဆာလောင်သူဖြစ်ကြောင်း ပေါလ်မာဆင်က အကြံပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အာဆင်နယ်တောင်ပံကစားသမား ဆာကာကို အပြိုင် ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ အာဆင်နယ်အနေနဲ့ ဒီရာသီမှာချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဆာကာကို အပြိုင်ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆိုစီဒက်တိုက်စစ်မှူး အီဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဆိုစီဒက်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမရခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ အီဆစ်အတွက်ပေါင် ၅၆ သန်းသာ ပေးချေလိုခဲ့ပြီး ဆိုစီဒက်ကတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၄.၇ သန်း တောင်းဆိုခဲ့တာပါ။