မန်ယူနဲ့ စပါးမှာ အဆင့် ၄ နေရာ ရယူနိုင်မယ့် အသင်းကို ဂျိုးကိုး ရွေးထုတ်
ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျိုးကိုးက ဒီရာသီမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြိုင်ဆိုင်မှုက အဆင့် ၄ နေရာကို ဘယ်အသင်း ရယူနိုင်မလဲဆိုတဲ့ ကိစ္စပဲလို့ မြင်ပါတယ်။
လက်ရှိမှာ ယူနိုက်တက်၊ ဝက်ဟမ်း၊ အာဆင်နယ်၊ စပါးတို့က အဆင့်လေးနေရာတွက် ပြိုင်ဆိုင်နေပေမယ့်လို့ မန်ချက်စတာကလပ်နဲ့ လန်ဒန်ကလပ် စပါးတို့ကို အဓိက ပြိုင်ဘက်တွေအဖြစ် မြင်ထားကြမှုတွေ ရှိနေတာဖြစ်တယ်။ သူတို့ နှစ်သင်းဟာ အခြားသော နှစ်သင်းထက်စာရင် ပိုတောင့်တင်းမှုလည်း ရှိနေပါတယ်။

ဇန်နဝါရီမှာတော့ အဆင့် ၄ နေရာအတွက် ရေပန်းစား ကလပ်တွေထဲမှာ စပါးတစ်သင်းကပဲ ဂျူဗင်တပ်ကနေ ဒီဂျန်နဲပ ရိုဒရီဂိုတို့လို ကစားသမားတွေကို ခေါ်ယူခဲ့တယ်။ အခြားသော ကလပ်တွေကတော့ လူသစ် ခေါ်ယူခြင်း မရှိဘဲ အာဆင်နယ်ဆိုရင် ကစားသမား အများအပြားဖြင့် လမ်းခွဲခဲ့သေးတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အဆင့် ၄ နေရာအတွက် ယူနိုက်တက်နဲ့ စပါးကြားမှာ ဘယ်အသင်းက အသာစီး ရသွားနိုင်သလဲအတွက် လိဂ်ကကစားသမားဟောင်း ဂျိုးကိုးက သုံးသပ်မှု အသေးစားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဂျိုးကိုးက ပြောရာမှာ “ စပါးက ကစားသမား နှစ်ဦးလောက် ခေါ်ယူခဲ့ပါတယ်။ သူတို့ နှစ်ဦးကလည်း ဂျူဗင်တပ်မှာ သူတို့ရဲ့ စွမ်းဆောင်ပြဖို့ ရုန်းကန်ထားရသူတွေလို့ ကျနော် ယူဆပါတယ်။ ဒီနှစ်ထဲမှာ ဂျူဗင်တပ်ပွဲ အနည်းငယ်ကို ကြည့်ဖြစ်ခဲ့ပြီး ဒီကစားသမားတွေက လွန်ခဲ့တဲ့ ၂ နှစ်တည်းက လူစာရင်းမှာ မပါကြတော့ပါဘူး။

ဒီတော့ သူတို့က ကစားသမားကောင်းတွေအဖြစ် စပါးရဲ့ လူစာရင်းကို တိုးတက်လာစေနိုင်မှာလား? ဖြစ်နိုင်ချေတော့ နည်းပါတယ်။ ဒါပေမယ့် အသင်းတွေက ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်စေလောက်အောင် ငွေအလုံးအရင်းသုံးပြီး ခေါ်ယူမှုကြီးတွေ လုပ်တာမျိုးလို ကိစ္စတွေကို စွန့်စားလိုခြင်း မရှိပါဘူး။
ဒါကိုလည်း လေးစားမှုပေးရပါမယ်။ ပြောင်းရွှေ့ကြေး အပိုသုံးမှုတွေနဲ့ အခြေအနေတွေ ပိုဆိုးသွားမှာမျိုးလည်း ဘယ်သူကမှ မလုပ်လိုကြပါဘူး။ ဒီရာသီမှာ အဆင့် ၄ နေရာအတွက် ပြိုင်ဆိုင်နေကြတဲ့ ဘယ်အသင်းမှလည်း ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ထူးထူးခြားခြား လူသစ်ခေါ်ယူမှုတွေ လုပ်ခဲ့ကြတယ်လို့ မမြင်ပါဘူး။
ဒီတော့ အခြေအနေက လက်ရှိ အချိန်ထိ မြင်ခဲ့ရတာတွေ အပေါ်မှာပဲ မူတည်သွားမှာပေါ့။ ကျနော်ကတော့ ယူနိုက်တက်က စပါးထက်စာရင် အဆင့် ၄ နေရာမှာ ထိုင်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရှိနေဆဲလို့ မြင်ပါတယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။