ဂရင်းဝုဒ်ကြောင့် သဘောထားကွဲကြခြင်း၊ ဒိုလေးနဲ့ ပိုချက်တီနို၊ အိုင်ဆက်၊ ဂါနာနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှုး စီရော်နယ်ဒို ဟာ အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းရဲ့ ရလဒ်ပိုင်းကို စိတ်ပျက်နေပါတယ်။ ဒါကြောင့် ရော်နယ်ဒိုက လာမဲ့နွေရာသီမှာ မန်ယူကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

ရော်နယ်ဒို ကို ခေါ်ယူလိုနေတဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ နည်းပြ ပိုချက်တီနို ကို ရချင်နေတဲ့ မန်ယူအသင်းတို့ဟာ ဒိုလေး ပိုချက်တီနို အလဲအထပ် သဘော လုပ်ဖို့ ပြောဆို ဆွေးနွေးနေကြောင်း သတင်းထွက်နေပါတယ်။

မန်ယူနည်းပြ ရန်နစ်က မစ်ဒယ်ဘရော့နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကွင်းလယ်လူ လင်ဂတ်ကို ထည့်သွင်း ကစားစေလိုခဲ့ကြောင်း၊ လင်ဂတ်ကို အနားပေးခဲ့တဲ့လုပ်ရပ်ဟာ အသင်းရဲ့ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအနေနဲ့ ကွင်းလယ်လူ ပါရဲရားကို ဖလာမင်ဂိုအသင်းထံ အပြီးသတ်ရောင်းချဖို့ သဘောတူညီခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဖလာမင်ဂို ဒုဥက္ကဋ္ဌ မာကို့စ်ဘရက်ဇ်က မန်ယူတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

တိုက်စစ်မူှး ဂရင်းဝုဒ်ကို အသင်းကနေ ပစ်ပယ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်ယူ ကစားသမားတွေကြား သဘောထား ကွဲလွဲနေကြောင်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ သူ့ရည်းစားဟောင်းကို မဖွယ်မရာပြုကျင့်မှုနဲ့ တရားစွဲ ခံထားရပြီး မန်ယူ ကစားသမားတချို့ ဂရင်းဝုဒ် အပြစ်ရှိကြောင်း သက်သေမပြနိုင်ခင်အထိ သူ့ကိုအသင်းမှာ ဆက်လက် ရှိစေလိုနေတာပါ။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ သူတို့ရဲ့ကွင်းလယ်လူ ဒီလန်ရိုက်စ် ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက တန်ကြေးက ပေါင်သန်း ၁၀၀ ဆိုပေမယ့် ဈေးပိုတက်သွားပြီဖြစ်ကြောင်း မန်ယူကို သတိပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ စီရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့အတွက် ဆိုစီဒက် တိုက်စစ်မူှး အီဆစ်ကို စောင့်ကြည့်လျက်ရှိလာကြောင်း Mirror သတင်း က ဖော်ပြထားပါတယ်။

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က မန်ချက်စတာယူနိုက်တက်အနေနဲ့ နော်တင်ဟမ်ဖောရက်စ်ကို အငှားချထားတဲ့ လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာကို ပြန်ခေါ်သင့်ကြောင်း၊ ဂါနာ နော်တင်ဟမ်မှာ ကစားနေတဲ့ခြေစွမ်း အရ အိုးထရက်ဖု့ိဒ်မှာ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း တိုက်တွန်းခဲ့ပါတယ်။