ဘာစီလိုနာ ပြန်ချင်နေတဲ့ မက်ဆီ၊ ကိုဗစ်တွေ့ မန်ယူ အသင်းသား ၂ဦးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီး နောက်ခံလူဟောင်း ဂျရေမီ ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမားသစ် တဦးမှ ခေါ်ယူခဲ့ခြင်း မရှိသည့်တိုင် ၎င်းရဲ့ အသင်းဟောင်း ဟာ အင်အား တောင့်တင်းနေဆဲ ဖြစ်တယ်လို့ ယုံကြည်ကြောင်း အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီရောက် မက်ဆီ ဟာ ပြင်သစ် ကလပ်မှာ မပျော်ရွှင်ဘဲ စပိန်ကို ပြန်ဖို့ ဆန္ဒ ရှိနေပြီး ဖခင် ဖြစ်သူ အား ဘာစီလိုနာ နည်းပြ ဇာဗီ နဲ့ ဆက်သွယ်ဖို့ ပြောဆို ထားတယ်ဆိုတဲ့ ကောလဟာလ သတင်းတခု ထွက်ပေါ် လာခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆာလတ်ကို ၅ ဦးမြောက်ကျမှ ပင်နယ်တီ ကန်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အီဂျစ်အသင်းကို ဝေဖန်ခဲ့ပြီး အသင်းရဲ့ အကောင်းဆုံးသူကို ပင်နယ်တီ ၅ ဦးမြောက် ကန်သွင်းသူအဖြစ် မထားသင့်ဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ သွားရောက် ကစားပြီး ပြန်ရောက် လာတဲ့ မန်ယူနိုက်တက် ကစားသမား ၂ ဦး ဖြစ်ကြတဲ့ ဖရက်ဒ် နဲ့ အဲလက်စ် တဲလက်စ် တို့ဟာ ကိုဗစ်ပိုး တွေ့ရှိ ထားတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဆူလေရဲ့အေးဂျင့်ကတော့ သူ့ကစားသမားအနေနဲ့ ဘိုင်ယန်မြူးနစ်က ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆူလေကို ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနဲ့အပြိုင် ကြိုးပမ်းလျက် ရှိပေမယ့် ဆူလေ ကတော့ လာမယ့် နွေမှာ ဒေါ့မွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းတော့မယ်လို့ Goal က ဖော်ပြလိုက်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး မက်ဆီကို ရီးရဲနဲ့ ချန်ပီယံလိဂ်ပွဲ မကစားခင် ချီးကျူးမှုပြုလုပ်ခဲ့ပြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် ပွဲစဉ်တွေ တစ်လကြာ မကစားခဲ့ရပေမယ့် လိုင်လီနဲ့ပွဲမှာ မက်ဆီအနေနဲ့ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ကို ပြသပြီး ပြန်လာနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ လာမဲ့ရာသီကုန်ကျရင် တိုက်စစ်မှူး လာကာဇက်ကို စာချုပ် သက်တမ်း တိုးမြှင့်ခြင်း မရှိဘဲ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်သင့်ကြောင်း၊ လာကာဇက်ကို တစ်ပတ် ပေါင် ၂ သိန်းခွဲ ပေးဖို့မတန်ကြောင်း၊ အာဆင်နယ်အနေနဲ့ လူငယ်ကြယ်ပွင့်တွေနဲ့ ရှေ့ဆက်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်မှာ အငှားနဲ့ ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာအနေနဲ့ လာမဲ့ရာသီမှာ မန်ယူမှာ ကစားလိုလျက်ရှိနေကြောင်း Manchester Evening News ကဖော်ပြထားပါတယ်။

စပိန်တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာအနေနဲ့ တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြောင်း GOAL က ဖော်ပြထားပါတယ်။ ဒီယေဂိုကော်စတာအနေနဲ့ အက်သလက်မင်နဲရိုးနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်း လက်မဲ့ ဖြစ်နေပြီး ဥရောပမှာ ပြန်လည်ကစားဖို့ စီစဉ်လျက်ရှိနေတာပါ။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူလိုက်တဲ့ တောင်ပံကစားသမား ထရာအိုရေးရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရနေပြီး ထရာအိုရေးဟာ ပြည့်စုံတဲ့ တောင်ပံကစားသမား ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ၎င်းဟာ သန်မာလွန်းပြီး မွန်းစတားတစ်ယောက်ဖြစ်ကြောင်း၊ တစ်ဦးချင်း ထိပ်တိုက် ရင်ဆိုင်မှုတွေမှာ ထရာအိုရေးကို ဘယ်သူ့မှ မဟန့်တားနိုင်ကြောင်း ဇာဗီက ဖွင့်ဟခဲ့ပါတယ်။