ကွန်တီ ထွက်မှ ချဲလ်ဆီး လာချင်တဲ့ ဒီကလန်ရိုက်၊ ရူဒီဂါ၊ ရာဖင်ဟာ၊ အီဂါလိုနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
၀က်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်အနေနဲ့ မန်ချက်စတာယူနိုက်တက် ထက်စာရင် သူ့အသင်းဟောင်း ချဲလ်ဆီးကိုသာ ပြောင်းရွှေ့လိုနေတာကြောင်း သိရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ ထွက်ခွာမှသာ ဒီလန်ရိုက်က ချဲလ်ဆီးထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာက အနာဂတ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လိဒ်စ် ယူနိုက်တက်အတွက်သာ အပြည့်အ၀ အာရုံစိုက်ထားကြောင်း၊ လိဒ်စ်အတွက်ဂိုးတွေသွင်းပြီး ဖန်တီးမှု ပြုလုပ်ရတာကို ပျော်ရွှင်လျက်ရှိကြောင်း ဆိုခဲ့ပါတယ်။

ဆော်ဒီကလပ် Al Hilal အသင်းမှာ ကစားလျက်ရှိနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း အီဂါလိုက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ အနိုင်ရရှိအောင် ကြိုး့ပမ်းသွားမှာဖြစ်ကြောင်း၊ ဒီပြိုင်ပွဲမှာ အဆင့်အတန်းမြင့်မားတဲ့ အသင်းကြီးတွေနဲ့သာ တွေ့ဆုံရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီက ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဆီဗီလာ နောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ အလိုရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ လာမဲ့နွေရာသီမှာ ခေါ်ဖို့ ကွန်ဒီကို ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရူဒီဂါကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ မျှော်လင့်ချက် မကုန်ဆုံးသေးကြောင်း The Athletic က ဖော်ပြထားပါတယ်။ ဂျာမနီ လက်ရွေးစင်အနေနဲ့ လာမဲ့နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ အလားအလာ များနေတာပါ။

အက်ဖ်အေဖလားပဉ္စမအဆင့် ပွဲစဉ်တွေကို ရေးဆွဲထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချဲလ်ဆီးအနေနဲ့ ချန်ပီယံရှစ်ကလပ် လူတန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဂိုးသမား မန်ဒီက ဆီနီဂေါနဲ့ အာဖရိကဖလား ရယူနိုင်ခဲ့တဲ့အပေါ် “အရင်က တစ်ခါမှ မရခဲ့ဖူးလို့ ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ဟာ ဒီဖလားကို ရရှိဖို့အတွက် အလွန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ ပင်နယ်တီ တစ်ကြိမ် ကာကွယ်ပြီး အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်”လု့ိ ဖွင့်ဟခဲ့ပါတယ်။