သရေကျသွားတဲ့ မန်ယူ၊ ပြန်ကစားတော့မယ့် နေမာ၊ ဂါဗီကို ခေါ်မယ့် လီဗာပူးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မနေ့ညနဲ့ ဒီနေ့ မနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအနက် မန်ယူက ဘန်လေနဲ့ သရေကျ သွားခဲ့ပေမယ့် နယူးကာဆယ် အသင်းက အဲဗာတန် အသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းက ဝက်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင် ရခဲ့တာကြောင့် အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်က ဘန်လေနဲ့ပွဲက ရလဒ်ပိုင်းအပေါ် မကျေနပ်မနပ်ဖြစ်နေခဲ့ပြီး ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပြီး ပွဲကို လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ၃ဂိုးသွင်းခဲ့ပေမဲ့ ၂ ဂိုး ခွင့်မပြုခဲ့ကြောင်း၊ ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ လုံလောက်တဲ့ နိုင်လိုစိတ်ပြင်းထန်မှုကိုမပြနိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အင်တာနဲ့ ရိုးမားတို့ရဲ့ ကိုပါအီတာလျံ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဒီဇီကို၊ ဆန်းချက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အင်တာအသင်းက ၂-၀ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို ဆက်လက် တက်လှမ်းသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားတစ်ယောက် ၎င်းရဲ့ ကြောင် အပေါ် နှိပ်စက်ခဲ့မှုအတွက် ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်း ခံခဲ့ရပါတယ်။

လီဗာပူးအနေနဲ့ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဗီကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂါဗီရဲ့ လက်ရှိစာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၄၂ သန်းသာရှိနေပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၃ခုနှစ်မှာကုန်ဆုံးမှာပါ။ ဒါကြောင့် လက်ရှိမှာ ဘာစီလိုနာကိုယ်တိုင်ကလည်း ဂါဗီကို သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။

ယနေ့ည Al Hilal အသင်းနဲ့ ကစားမယ့် ဖီဖာကမ္ဘာ့ကလပ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနောက်ခံလူ ရစ်ဆီဂျိမ်းစ် တစ်ယောက် ဒဏ်ရာပြဿနာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လူငယ်ကြယ်ပွင့် ဆာကာကို ရေရှည်စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ ဆာကာရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းကြီးတွေရဲ့ ရန်ကို ကြောက်လို့ အာဆင်နယ်က စာချုပ်သက်တမ်း တိုးမြှင့်လိုနေတာပါ။

ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ က ရီးရဲမက်ဒရစ်နဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ် ပွဲမှာ ပြန်လည် ပါဝင်လာဖွယ်ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်က သူ့အနေနဲ့ နည်းပြဟာလီဟော့ဇစ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မော်ရိုကို လက်ရွေးစင်ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း၊ ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေမဲ့ဒါက သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ကလပ်အသင်းအတွက်သာ အာရုံစိုက်တော့မှာဖြစ်ကြောင်း အတည်ပြု ခဲ့ပါတယ်။

ရီးရဲလ်အသင်းတိုက်စစ်မှူး ဘင်ဇီမာထံ အသင်းဘက်မှ စာချုပ်သစ် ကမ်းလှမ်းမှု မပြုလုပ်သေးတာကြောင့် လာမယ့် ရာသီက ၎င်းရဲ့ နောက်ဆုံးရာသီ ဖြစ်နိုင်ကြောင်း သတင်းများအရ သိရပါတယ်။

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ညဖက် အပြင်ထွက်သောင်းကျန်းခဲ့တဲ့ ဂရေးလစ်ချ်တို့ အဖွဲ့အပေါ် စိုးရိမ်မှုမရှိကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ် အသင်းနောက်ခံလူ ချီလီနီတစ်ယောက် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူရမှာ ဖြစ်ပါတယ်။