လီနိုကို ချိန်လာတဲ့ ကာဆယ်၊ ဆာကာ၊ မာတင်နယ်လီ၊ လော်ရိုး သတိပေးမှုနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
နယူးကာဆယ်ဟာ အာဆင်နယ် ဂိုးသမား လီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ လီနိုအနေနဲ့ ရမ်ဒေးစ် ရောက်ရှိလာပြီးနောက် အသင်းကနေ ထွက်ခွာလိုနေပြီး သူ့ကို နယူးကာဆယ်က ပစ်မှတ်ထားနေတာပါ။
အာဆင်နယ်တိုက်စစ်မှုး လာကာဇက်အနေနဲ့ တခြားလိဂ်တွေက အသင်းတွေကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ လာကာဇက်ကို ဘက်ရှီးတပ်စ်နဲ့ လိုင်ယွန်တို့က အပြိုင်လိုက်နေပြီး လာကာဇက် က တစ်နှစ်လုပ်ခ ယူရို ၆ သန်း အလိုရှိနေတာပါ။

အာဆင်နယ်ရဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် အန်ကွန်ကူကို ခေါ်ယူရေးအိပ်မက်ဟာ လာမဲ့နွေရာသီမှာလည်း မျှော်လင့်ချက် မရှိလောက်ပါဘူး။ လိုက်ပ်ဇစ် မန်နေဂျင်းဒါရိုက်တာက အန်ကွန်ကူဟာ လာမဲ့ရာသီအထိ မိမိတို့အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်း၊ သူဟာ အသင်းရဲ့အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း ဘောလုံးမှာ ဘာမှမသေချာပေမဲ့ အန်ကွန်ကူ ကို ဆက်ထိန်းဖို့က အသင်းရဲ့ အစီအစဉ်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းက အာဆင်နယ်အနေနဲ့ တကယ်လို့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အူဘာမီယန်ကို ထွက်ခွာခွင့်ပြုခဲ့တာ နောင်တ ရနေမှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ အူဘာမီယန်ကို စွန့်လွှတ်ခဲ့တာ လွယ်ကူခဲ့ကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

ဝင်တာဘန်းကပဲ လူငယ်တိုက်စစ်မှူး မာတင်နယ်လီဟာ အာဆင်နယ်ကို ပေါင်သန်း ၇၀ လောက် သက်သာစေမဲ့ ကစားသမားမျိုး ဖြစ်ကြောင်း၊ သူသာ အာတီတာနေရာမှာ ဆိုရင် မာတင်နယ်လီကို ဗဟိုတိုက်စစ်မှူး အဖြစ် သုံးစွဲမှာဖြစ်ကြောင်း၊ မာတင်နယ်လီဟာ လျင်မြန်ပြီး အဆုံးသတ် သေချာသူဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဘီဘီစီမှ လော်ရိုး ကတော့ ဝုဗ်နဲ့ ယှဉ်ပြိုင်ရမဲ့ပွဲစဉ်အတွက် အာဆင်နယ်ကို သတိပေးမှုပြုလုပ်ခဲ့ပြီး ဝုဗ်ဟာ အလွန် တောင့်တင်းနေကြောင်း၊ သူတို့ဟာ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အထင်ကြီးစရာ စွမ်းရည်ကို ပြသထားကြောင်း၊ ခံစစ်ကြောင်းကလည်း မာကျောလွန်းပြီး အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း သုံးသပ်ခဲ့ပါတယ်။
ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ လူငယ်ကြယ်ပွင့် ဆာကာကို အမြန်ဆုံးစာချုပ်သက်တမ်း တိုးသင့်ကြောင်း၊ သူသာ အာဆင်နယ်နည်းပြဆိုရင် ဆာကာကို နောက်ထပ် ၄ နှစ်၊ ၅ နှစ်စာချုပ်သက်တမ်း တိုးမြှင့်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ခံလူ ပက်ဘလို မာရီက အာဆင်နယ်ကနေ ထွက်ခွာခဲ့ခြင်းနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အာဆင်နယ်မှာ ကံမကောင်းခဲ့ခြင်းသာ ဖြစ်ပြီး ကွင်းထဲမှာတော့ ခြေစွမ်းကောင်းကို ပြသနိုင်ကြောင်း အာတီတာက သူကြုံဖူးသမျှ နည်းပြတွေထဲ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး အာဆင်နယ်မှာလည်း သူ့ကို များစွာကူညီပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။