ဖီဖာကလပ် ကမ္ဘာ့ဖလား ယူဖို့ တိုက်တွန်းမှု၊ အိမ်က အားပေးရမယ့် တူချယ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲ အဖြစ် မယှဉ်ပြိုင်ခင် အယ်ဟေးလိန်းနည်းပြ ဂျာဒမ်က ဒီပြိုင်ပွဲမှာ ဥရောပ ကလပ်တွေက ဖီဖာရဲ့ ဦးစားပေးမှုကို ခံရကြောင်း၊ မိမိတို့ အနေနဲ့ ဥရောပ ကလပ် အသင်းတွေထက် တစ်ပွဲ ပိုကစားနေရတာ မမျှတကြောင်း ဝေဖန်ခဲ့ပါတယ်။

TransferMarkt သတင်းထောက် ရာမန်ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာ ဟာ ဘာစီလိုနာထံကနေ တရားဝင် ကမ်းလှမ်းမှု လက်ခံရရှိထားကြောင်း သိရပါတယ်။ အက်ပီကျူတာဟာ ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီး လက်ထောက် နည်းပြ မီချယ်လ်က သူတို့ နည်းပြ တူချယ်နဲ့ Video Call နဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိကြောင်း၊ သူတို့အနေနဲ့ တူချယ်နဲ့ အကောင်းဆုံး ဆက်သွယ်လျက်ရှိနေကြောင်း၊ တူချယ်ဟာ နေ့တိုင်း အသင်းကို အကောင်းဆုံး ထောက်ပံပေးနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တူချယ်အနေနဲ့ လိုက်ပါခွင့် မရခဲ့ဘဲ နေအိမ်ကနေသာ အားပေးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး နောက်ခံလူ အက်ပီကျူတာက ၂၀၁၂ ခုနှစ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေးနိမ်ခဲ့တာ အလွန် နာကျင် ရကြောင်း၊ ဒီဖလားဟာ သူတို့အသင်း ဗိုလ်မစွဲသေးတဲ့ တစ်ခုတည်းသော ဖလား ဖြစ်ကြောင်း၊ ဒါကြောင့် အသင်းဖော်တွေ အနေနဲ့ ဒီဖလားကို ရယူနိုင်ဖို့ အစွမ်းကုန် ပေးဆပ်စေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချဲလ်ဆီးဂိုးသမား မန်ဒီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၃ ဦးထဲက တစ်ဦး အပါအ၀င်ဖြစ်ကြောင်း၊ မန်ဒီဟာ ပြီးခဲ့တဲ့နှစ်အတွင်း အလွန် အံ့ဖွယ်ကောင်းတဲ့ စွမ်းရည်ကိုပြသခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရူဒီဂါကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ၅၀ ရာခိုင်နှုန်း အခွင့်အရေးရှိနေဆဲဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ရူဒီဂါရဲ့စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ တခြားဥရောပထိပ်သီးအသင်းတွေက ကြိုးပမ်းနေတာပါ။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ခ်ျက သူ့အနေနဲ့ နည်းပြဟာလီဟော့ဇစ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မော်ရိုကို လက်ရွေးစင်ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း၊ ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေမဲ့ ဒါက သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ကလပ်အသင်းအတွက်သာ အာရုံစိုက်တော့မှာဖြစ်ကြောင်း အတည်ပြုဖွင့်ဟခဲ့ပါတယ်။