ဗိုလ်လုပွဲရောက် ချဲလ်ဆီး၊ ပိုချက်တီနို ကို အလိုရှိတဲ့ မန်ယူအသင်းသားများနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးအသင်းဟာ ညက Al Hilal အသင်းနဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားရာ လူကာကူရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ချဲလ်ဆီး ဟာ ဘရာဇီး ကလပ် ပါးလ်မီးရက်စ် အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

ချဲလ်ဆီးလက်ထောက်နည်းပြ ဇော့လို ကတော့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်က တိုက်စစ်မှူးလူကာကူရဲ့ခြေစွမ်းကို အကျေနပ်ကြီး ကျေနပ်နေပြီး လူကာကူဟာ နောက်ဆုံးပွဲစဉ်မှာ အလွန်ကြိုးပမ်းခဲ့လို့ ဒီနေ့ပွဲမှာ အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လူကာကူ ဂိုးသွင်းနိုင်တဲ့အပေါ် အလွန်ပျော်ရွှင်မိကြောင်း၊ ဗိုလ်လုပွဲမှာလည်း ခုလို ဂိုးသွင်းနိုင်ဖု့ိ မျှော်လင့်မိကြောင်း ဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ကတော့ နောက်ခံလူ ဂျိုဂိုးမက်ဇ်အနေနဲ့ အသင်းမှာ အခွင့်အရေးရလာမှာဖြစ်ကြောင်း၊ ဂိုမက်ဇ်ဟာ အရည်အသွေးမြင့်မားပြီး အင်္ဂလန်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ကံမကော်ငးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားအနေနဲ့ ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်ခံရနိုင်တဲ့လုပ်ရပ်မျိုး ကျူးလွန်ခဲ့ပါတယ်။ ဒါကတော့ ဇူးမားအနေနဲ့ ပြင်သစ်မှာ နေအိမ်အတွင်း သူ့အိမ်က ကြောင်ကိုကန်ကျောက်နေတဲ့ ဗီဒီယိုဖိုင်ကို ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီအတွက် ကလပ်အသင်းကလည်း ၎င်းကို ဒဏ်ရိုက် အရေးယူမှုတွေ ပြုလုပ်တော့မှာပါ။

မန်ချက်စတာယူနိုက်တက် ကစားသမားတွေကတော့ သူတို့ရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုကို တွေ့မြင်လို ကြကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ ရာသီကုန်မှာ အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်သွားရမှာဖြစ်ပြီး လက်ရှိမှာတော့ တန်ဟတ်နဲ့ ပိုချက်တီနိုတို့က ရေပန်းအစားဆုံး ဖြစ်နေတာပါ။

ဘာစီလိုနာ ရောက်သွားတဲ့ အူဘာမီယန်က အာတီတာကသာ သူ့အတွက်တစ်ခုတည်းသော ပြဿနာဖြစ်ခဲ့တာဆိုတဲ့ ပြောဆိုချက်ကို အာဆင်နယ်နည်းပြ အာတီတာက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အာတီတာက သူဟာ ပြဿနာ မဟုတ်ခဲ့ဘဲ ရာနှုန်းပြည့် အဖြေရှာခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုးရွားတဲ့အရာများစွာကို လုပ်ဆောင်နိုင်ပေမဲ့ ဒါကလည်း အမြဲတမ်း အသင်းအတွက် အကောင်းဆုံးဖြစ်စေမဲ့အရာကိုသာ လုပ်ဆောင် ခဲ့တာဖြစ်ကြောင်း၊ အသင်းကိုနည်းပြအဖြစ် ရောက်ပြီးကတည်းက အူဘာမီယန်နဲ့ဆက်ဆံရေးက ကောင်းမွန်ခဲ့ကြောင်း အာတီတာက ထုတ်ဖော်ခဲ့ပါတယ်။