ပြောခံရပြန်တဲ့ ဒိုလေး၊ မက်ဂွဲရား နေရာ အစားထိုးသင့်တဲ့ပစ်မှတ်၊ ရွန်းနီ မှတ်ချက်နဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူဂန္ထဝင်ဟောင်းရွန်နီးက မန်ယူအနေနဲ့ လက်ရှိပုံစံတွေအရတော့ အဆင့်လေးအတွင်း ဝင်ရောက်နိုင်မယ် လို့ မထင်ကြောင်း၊ မန်ယူ ကစားသမားတွေအနေနဲ့ စုစုစည်းစည်းတိုက်ပွဲဝင်ကာ အသင်းအတွက် ဒီထက်ပေးဆပ်ဖို့ လိုအပ်နေကြောင်း၊ လက်ရှိမှာ မန်ယူရဲ့စွမ်းဆောင်ရည်က ကောင်းမွန်ခြင်း မရှိဘဲ တိုးတက်ဖို့ လိုအပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်နစ်က သူနဲ့ ကွင်းလယ်လူ လင်ဂတ်တို့အကြား ပြဿနာမရှိဘဲ အလွန် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း၊ ဂရင်းဝုဒ်ရဲ့ဖြစ်ရပ် မတိုင်ခင်ကတည်းက မိမိအနေနဲ့ လင်ဂတ်ကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာ သူလည်းသိကြောင်း၊ လင်ဂတ်ကို ပိုင်ဆိုင်ထားရတာ မိမိအနေနဲ့ ပျော်ရွှင်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကလီဘာဆန်က မန်ယူအသင်းဟာ နောက်ခံလူမက်ဂွဲရားနေရာမှာ အစားထိုးဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ မက်ဂွဲရားဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေပြီး လျင်မြန်မှုမရှိခြင်းက သူ့ရဲ့ပြဿနာ ဖြစ်လာကြောင်း၊ မန်ယူအနေနဲ့ မက်ဂွဲရားရဲ့နေရာမှာ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်နဲ့ အစားထိုးသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူအနေနဲ့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်နောက်ခံလူ အကန်ဂျီကို ခေါ်ယူနိုင်ဖို့အတွက် အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားကြောင်း ဂျာနယ်လစ် ပတ်ထရစ်ဘာဂါက ဆိုထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆွစ်ဇာလန် နောက်ခံလူ ဟာ ဒေါ့မွန်ရဲ့ စာချုပ်သက်တမ်းသစ် တိုးမြှင့်မှုကို ငြင်းဆန်ထားပြီး မန်ယူနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်ကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းနေ ပါတယ်။ မန်ယူအနေနဲ့ လာမဲ့နွေရာသီမှာ ကွင်းလယ်ပိုင်းကိုအားဖြည့်သွားဖို့ စီစဉ်လျက်ရှိနေပြီး လက်စတာ ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုင်လီမန့်စ်ဘက်ကို မြားဦးလှည့်လာတာပါ။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဘန်လေနဲ့ပွဲစဉ်မှာ ပွဲအပြီး ပရိသတ်တွေကို မနှုတ်ဆက်ဘဲ ဥမင်ထဲ တန်းဝင်သွားခဲ့တဲ့ လုပ်ရပ်အတွက် ထပ်မံ ဝေဖန်ခံလိုက်ရပြန်ပါတယ်။

ဒီတခါမှာတော့ McCoist က ဝေဖန်ခဲ့တာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အဝေးကွင်းမှာ လိုက်ပါအားပေးတဲ့ ပရိသတ်တွေကိုပိုပြီး အလေးထားသင့်ကြောင်း၊ သူတို့ဟာ ခရီးထွက်ရသလို ပိုက်ဆံလည်းပိုကုန်ကြောင်း၊ ရလဒ်ပိုင်းအတွက် စိတ်ပျက်မိတာနားလည်ပေမဲ့ စီရော်နယ်ဒိုအနေနဲ့ ပရိသတ်တွေကို လေးလေးစားစား ဆက်ဆံသင့်ကြောင်း ဆိုခဲ့တာပါ။

နယ်သာလန်ဂျာနယ်လစ် မိုက်ဗာဝီရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် ဟာ အေဂျက်ဇ် နည်းပြ တန်ဟတ်ကို ခေါ်ယူရေး အခြေအနေကောင်းနေကြောင်း သိရပါတယ်။

မန်ယူအနေနဲ့ ဘာစီလိုနာနောက်ခံလူ အာရူဂျို အတွက် တစ်နှစ်လုပ်ခ ပေါင် ၈.၄ သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အာရူဂျိုရဲ့စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာက စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမဲ့ ကစားသမားကိုယ်တိုင်က ငြင်းဆန်ထားခဲ့တာ ဖြစ်ပါတယ်။