မာတင်နယ်လီရဲ့ အံ့ဖွယ် အနီကတ်၊ မန်ယူနဲ့ ချုပ်လိုက်တဲ့ ဒိုလေးသားနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ဒီမနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအနက် လီဗာပူးလ်အသင်းက ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ လက်စတာကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို အာဆင်နယ် အသင်းကလည်း ဂါဘရီရယ်ရဲ့ ပွဲအစသွင်းဂိုးကြောင့် ဝုဗ် အိမ်ကွင်းမှာ ဝ-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက ဝုဗ်နဲ့ပွဲမှာ တိုက်စစ်မှူး မာတင်နယ်လီ အပြသခံခဲ့ရတဲ့ အနီကတ်နဲ့ပတ်သက်ပြီး “ဒီလိုအရာမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီနိုင်ငံမှာ ကျွန်တော်နေလာတာ ၁၈ နှစ် ရှိပါပြီ။ ၅စက္ကန့်အတွင်း အဝါတ် ၂ ကတ် အပြသခံခဲ့ရတာ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်ပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ယူ တိုက်စစ်မူှး စီရော်နယ်ဒိုရဲ့သားဖြစ်သူ ဂျူနီယာလေးဟာ မန်ယူအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ၁၁ နှစ်အရွယ် ကစားသမားဟာ စီရော်နယ်ဒိုအနေနဲ့မန်ယူကို ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ယူ အကယ်ဒမီ ကို အတူလိုက်ပါ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက လက်ရှိ အမှတ်ပေးဇယားကို အမှတ် ဖြတ်ထားနိုင်ပေမယ့် ၎င်းတို့အသင်းဟာ အကောင်းဆုံး အသင်းမဟုတ်သေးပဲ ဖီဖာကမ္ဘာ့ကလပ်ဖလား ကစားကြမယ့် ချဲလ်ဆီးနဲ့ ပါးမီးရက်စ်တို့က မန်စီးတီး အသင်းထက် ပိုကောင်းနေသေးကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးနည်းပြကလော့က သူတို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ တွေးနေရင် ဒါဟာ မိုက်ရူးရဲ ဆန်မှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ သူတို့အနေနဲ့ အမှတ်ပေးချန်ပီယံဆုအတွက် စဉ်းစားနိုင်တဲ့ အခြေအနေ မဟုတ်ကြောင်း၊ ကိုယ့် ပွဲစဉ်ကိုသာ အာရုံစိုက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းကြယ်ပွင့် ကွင်းလယ်လူ ရိုက်စ်ကတော့ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်ခဲ့ဖူးသလို အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ဖူးကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ တောက်လျှောက်လက်စွမ်းပြသခွင့် ရနေတဲ့ ဂိုးသမား ကီပါကတော့ လာမယ့် ဖီဖာကမ္ဘာ့ကလပ် ဖိုင်နယ်ပွဲစဉ်မှာပါ ဆက်လက်ပါဝင် ကစားလိုနေပါတယ်။
ရီးရဲမက်ဒရစ်ကွင်းလယ်လူ မိုဒရစ်က ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ဟာ လက်ရွေးစင်အသင်းမှာ မိမိရဲ့နေရာကို ဆက်ခံနိုင်မဲ့သူဖြစ်ကြောင်း၊ ကိုဗာဆစ်ဟာ အင်တာနဲ့ ရီးရဲတို့မှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပြီး လက်ရှိ ချဲလ်ဆီးမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနေကြောင်း၊ အနာဂတ်မှာ ကိုဗာဆစ်ဟာ ခရိုအေးရှားကို ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချစ်သူကို ရိုက်နှက်အနိုင်ကျင့်မှုကြောင့် ဖမ်းဆီးခံခဲ့ရသလို Nike ရဲ့ စပွန်ဆာကြေး ရုတ်သိမ်းခံခဲ့ရတဲ့ မန်ယူအသင်း တိုက်စစ်မှူးလေး ဂရင်းဝုဒ်တစ်ယောက် Nike ထံမှ လျော်ကြေး ရရှိသွားမှာ မဟုတ်ပေမယ့် အသင်းဆီကတော့ ပုံမှန်လစာ ဆက်လက် ရရှိနေဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ လီဗာပူးနဲ့ မန်စီးတီး အသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ တောင်ပံ ကစားသမားလေး ဆာကာကို ဆက်လက်ထိမ်းသိမ်းနိုင်ဖို့ ရာနှုန်းပြည့်သေချာသေးခြင်း မရှိကြောင်း ဝန်ခံပြောဆို သွားခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ရီးရဲနဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အခြေအနေကောင်းနေကြောင်း သိရပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်း ပြန်ဆင်းလျက်ရှိနေပြီး ကြံ့ခိုင်မှုအနေအထားက ကောင်းမွန်နေကြောင်း သိရပါတယ်။
လီဗာပူးလ် အသင်းကစားသမားဟောင်း ဟာမန်းကတော့ လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းကစားသမား အတော်များများဟာ ရိုနယ်ဒိုရဲ့ ဖိအားပေးမှုဒဏ်ကို ကြောက်ရွံ့ နေကြကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။