ပိုချက်နဲ့ လုခ်ရှော၊ ရွန်းနီ ထောက်ပြတဲ့ ဆုံးရှုံးမှု၊ မိုက်ကယ်ကာရစ်ကို ထောက်ခံသူနဲ့ ယနေ့ မန်ယူ သတင်းများ

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ မန်ယူနောက်ခံလူ လုရှောခ်နဲ့ အဆက်အသွယ်ရှိနေဆဲ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြထားပါတယ်။ ပိုချက်တီနီုနဲ့ လုရှောခ်တို့ဟာ ဆောက်သမ်တန်မှာ လက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ပစ်မှတ်စာရင်းထဲမှာ ပိုချက်တီနိုကလည်း ထိပ်ဆုံးကနေ ပါဝင်နေတာပါ။

မန်ယူဂန္ထဝင်ဟောင်း ရွိုင်ကိန်းဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်နိုင်မဲ့အခွင့်အရေးကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ရွိုင်ကိန်းအနေနဲ့ ဆန်းဒါးလန်းရဲ့ ကမ်းလှမ်းမှုကို ခံရပြီး အင်တာဗျူး အနည်းဆုံးနှစ်ခုလောက် ပြုလုပ်ခဲ့ပေမဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှု အဆင်မပြေလို့ သဘောတူညီမှု မရခဲ့တာ ဖြစ်ပါတယ်။

မန်ယူ ကစားသမားဟောင်း ရွန်းနီက မန်ယူအနေနဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တို့မှာ စီရော်နယ်ဒိုနဲ့ ကားလို့စ် တီဗက်ဇ် တို့ကို လက်လွှတ်ခဲ့ရတာက ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း၊ မန်ယူအနေနဲ့ သူတို့နှစ်ဦးရဲ့နေရာကို အခုထက်ထိ အစားထိုးနိုင်ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးက မိုက်ကယ်ကာရစ် ကမှ လက်ရှိနည်းပြ ရန်နစ်ထက်စာရင် မန်ယူနဲ့ ပို လိုက်ဖက်ကြောင်း၊ ရန်နစ်ဟာ သူ့နည်းပြဘဝတစ်လျှောက်မှာ မန်ယူလိုအသင်းမျိုးကို မကိုင်တွယ်ဖူးကြောင်း၊ ရန်နစ်ဟာ မန်ယူအတွက် အဖြေ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မူှး မာရှယ်လ်က သူ့အနေနဲ့ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ဘာစီလိုနာ တို့ ဆီကနေလည်း ကမ်းလှမ်းမှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ ဆီဗီးလ်က သူနဲ့ မိသားစုအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မယ်လို့ ယူဆခဲ့ကြောင်း၊ သူ့ရဲ့ဦးစားပေးက ဆီဗီးလ်အသင်းဖြစ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဟာမန်းက မန်ယူအသင်းမှာ စီရော်နယ်ဒိုကြောင့် ဆန်ချိုဟာ ရုန်းကန် နေရခြင်းဖြစ်ကြောင်း၊ လက်ရှိမန်ယူရဲ့ အခြေအနေတွေက ဆန်ချိုအတွက် အထောက်အကူ မဖြစ်စေကြောင်း၊ စီရော်နယ်ဒိုဟာ အသင်းအတွက် ပြဿနာဖြစ်နေတာလား၊ အသင်းက လူတွေက သူ့ကိုကြောက်ရွံ့နေသလားဆိုတာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်ကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းနေ ပါတယ်။ မန်ယူအနေနဲ့ လာမဲ့နွေရာသီမှာ ကွင်းလယ်ပိုင်းကိုအားဖြည့်သွားဖို့ စီစဉ်လျက်ရှိနေပြီး လက်စတာကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုင်လီမန့်စ်ဘက်ကို မြားဦးလှည့်လာတာပါ။