အပြင်းထန်ဆုံး ပြိုင်ဘက်နဲ့ပွဲမှ အဓိက ကစားသမား ၃ ဦးလောက်ထိ လက်လွတ်ရမယ့် မန်ယူ
လီဗာပူးနဲ့ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ အဓိက ကစားသမား ၂ ဦး ၃ ဦးလောက်ထိ ထည့်သုံးနိုင်ဖွယ်မရှိကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေညမှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းကြီးထဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ဧည့်ခံပြီး အင်္ဂလန် ဒါဘီ ပွဲစဉ် ကစားသွားရဖို့ ရှိနေတာပါ။ ဒီပွဲဟာ ဖိအားတွေအောက် ရောက်နေတဲ့ ဆိုးလ်ရှားအတွက် အစမ်းသပ်ခံရမဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။
အားထားရတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို ဗာရန်းဟာလည်း ဒဏ်ရာမှ မသက်သာသေးပါဘူး။ ဒါ့ကြောင့် ယူနိုက်တက်တို့ လူစုံနိုင်မလားဆိုတာ မရေမရာ ဖြစ်နေခဲ့ရပါတယ်။
” ကစားသမားတွေ ကောင်းကောင်း အားစိုက်ထုတ်နိုင်ခဲ့ကြသလို အဆုံးမှာ အငွေ့အသက်တွေလည်း ကောင်းမွန်ခဲ့ပြီး အိုးလ် ထရပ်ဖို့ဒ် ရဲ့ အခမ်းနားဆုံး ချန်ပီယံလိဂ် ညချမ်းတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ အဲ့တာက အသေးစာဒဏ်ရာ နဲ့ ကြွက်သားဒဏ်ရာ အချို့ကိုလည်း ရရှိစေခဲ့ပါတယ် ။ ဒါကို မျှော်လင့်ခဲ့ပြီးသားပါ ”
” အခုမှ သောကြာပဲ ရှိပါသေးတယ်။ ပွဲက တနင်္ဂနွေမှပါ ။ ကစားသမားတိုင်းကို ကျွန်တော်တို့ အချိန်ပေးသွားကြမှာပါ ။ ကျွန်တော်တို့ တစ်သင်းလုံး ကြံ့ခိုင်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလို 2-3 ယောက်လောက် လျော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီနေ့တော့ အချို့တွေ လာရောက် မလေ့ကျင့် နိုင်ခဲ့ကြပါဘူး ”

” တနင်္ဂနွေနေ့ကို စောင့်ရတာပေါ့။ ဘရူနို ဟာ သံသယ ဖြစ်ဖွယ် အနေအထားတစ်ရပ်မှာ ရှိနေပါတယ် ။ ဖရက်ဒ် ဟာလည်း အလျင်မီ ကြံ့ခိုင်မလားဆိုတာ ကျွန်တော် တပ်အပ် မပြောနိုင်သေးပါဘူး ။ ပွဲစဉ်အတွက် အသင့်ဖြစ်နေဖို့ သူတို့တွေ စွမ်းနိုင်သလောက် ကြိုးစားနေပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။
ဆိုးလ်ရှား လက်အောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲကြီးပွဲကောင်းတွေ မကစားမီ အဓိကကစားသမားတွေကို မကြာခန ဆိုသလို ဒဏ်ရာကြောင့် ‘ ပါဝင်နိုင်မလား ‘ ဆိုတဲ့ သံသယ ဖြစ်ဖွယ် အနေအထားတွေ ပိုင်ဆိုင်ထားခဲ့ဖူးပါတယ် ။
အဲ့ဒီထဲမှာတော့ အများစုဟာ အလျင်မီ ပြန်လည် ကြံ့ခိုင်လာကြတဲ့ သာဓကကောင်းတွေလည်း အတော်လေး ရှိခဲ့ဖူးပါတယ် ။ ဒီတစ်ကြိမ်မှာရော ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဟာ အလျင်မီ ပြန်လာနိုင်မလားဆိုတာ ထပ်မံ စောင့်ကြည့်ရပါတော့မယ်။