အားသာချက်ကြီး တစ်ခုကြောင့် လီဗာပူးကို မန်ယူ နိုင်သွားနိုင်တယ်လို့ ကာရေဂါ ခန့်မှန်း

တနင်္ဂနွေနေ့မှ မန်ချက်စတာယူနိုက်တက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး နိုင်ပွဲရဖို့ မျှော်လင့်ထားလို့ ရနိုင်သေးတယ်လို့ ကာရေဂါက ပြောပါတယ်။

အတ္တလန်တာကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ၃-၂ ဖြင့် အနိုင်ရခဲ့စဉ် ယူနိုက်တက်ရဲက တိုက်ပွဲဝင် စိတ်ဓါတ်ကို ကာရေဂါက စိတ်ပူနေတာပါ။ လူတော်တော်များများကတော့ ယူနိုက်တက်ရဲ့ ပထမပိုင်း ခြေစွမ်းအပေါ် သံသယတွေ ရှိနေကြပေမယ့် အိမ်ကွင်း အားသာချက်ကပဲ ယူနိုက်တက်တို့ အနိုင်ရနိုင်တဲ့ အဓိက အကြောင်းရင်းလို့ ကာရေဂါက သုံးသပ်သွားခဲ့ပါတယ်။

ကာရေဂါက “မန်ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ရမယ်လို့ ကျွန်တော် မြင်ကြည့်လို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဖြစ်အပျက်ကြောင့် ပါပဲ။ လီဗာပူးနဲ့ ပွဲစဉ်မှာ သူတို့ အိမ်ကွင်းအားက အရမ်းကောင်းနေမှာ ဖြစ်ပြီး အထူးသဖြင့် ပွဲအစပိုင်းမှာပါ။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်အတွင်း လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့အခါ ရလဒ်ကောင်းခဲ့တာ များပါတယ်။ လီဗာပူး ကတော့ အိုးထရပ်ဖို့ဒ်မှာ နိုင်ပွဲရဖို့ အရမ်းကို ခက်ခဲခဲ့တာကို မြင်တွေ့ခဲ့ရမှာပါ။ ဟိုးအရင်က ကြီးကြယ်တဲ့ လီဗာပူး အသင်းတွေတောင် ဒီလို ကြုံခဲ့ရပါတယ်။ အိုးထရပ်ဖို့ဒ်ဟာ လီဗာပူးတို့ အမြဲ ရုန်းကန်ရလေ့ ရှိတဲ့ ကွင်းတစ်ကွင်း ဖြစ်ခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ လက်ထက်မှာတောင် သူတို့ဟာ အဲဒီမှာ တစ်ကြိမ်ပဲ နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မန်ယူနိုက်တက်ရဲ့ အရည်အသွေး ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဒါဟာ လီဗာပူးအတွက် အမြဲတမ်း ခက်ခဲတဲ့ ပွဲစဉ် ပါပဲ။” လို့ ပြောလိုက်ပါတယ်။

လီဗာပူးဟာ ကြားရက်က အက်သလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရထားခဲ့တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ မှတ်တမ်းရရှိထားပါတယ်။ ကာရေဂါက သူ့ရဲ့ အသင်းဟောင်းဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေဆဲလို့ ဆိုပါတယ်။

ကာရေဂါက “လီဗာပူးဟာ ပိုမို ကောင်းမွန်တဲ့ အသင်း အဖြစ်နဲ့ ဒီပွဲကို သွားရောက် ယှဉ်ပြိုင်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်တယ် ဆိုတာကို ဒီရာသီအစမှာကော ပြီးခဲ့တဲ့နှစ်ပိုင်းတွေကကော သက်သေပြထားခဲ့ပါတယ်။ အကယ်၍ လီဗာပူးတို့ ကောင်းကောင်း ကစားနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ အတွက် လုံလောက်မှု ရှိပါတယ်။

ဒါပေမယ့် ဒီပွဲမှာ လီဗာပူးတို့ အနိုင်ရခဲ့မယ် ဆိုရင်တောင် ရလဒ်က အရမ်းကို ကျဉ်းမြောင်းနေမှာပါ။ မန်ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ဟာ အိုးထရပ်ဖို့ဒ်မှာ များသောအားဖြင့် ကောင်းကောင်း လုပ်ပြနိုင်လေ့ မရှိတဲ့ အသင်းကို ကွင်းလုံးပြည့် လာရောက် အားပေးမယ့် အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ရင်ဆိုင် ကစားသွားရမှာပါ။” လို့ ပြောသွားပါတယ်။