ဒိုလေးကို မလိုဘဲ ခေါ်ခြင်း၊ ဗန်ဒီဘိခ်ကို ချီးကျူးတဲ့ လမ်းပတ်၊ မက်ဂွဲရားက ပြသနာနဲ့ ယနေ့ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အနည်းဆုံး လူငယ်ကြယ်ပွင့် ကစားသမား ၅ ဦးခန့်ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။
မန်ယူ က ဒေါ့မွန်တိုက်စစ်မူှးဟာလန်း၊ ဆိုစီဒက်တိုက်စစ်မှုး အီဆစ်၊ လေဗာကူဆင်တိုက်စစ်မှုး ရှဟစ်၊ စပါးတိုက်စစ်မှုး ဟယ်ရီကိန်း၊ အင်တာမီလန်တိုက်စစ်မှုး မာတီနက်ဇ်ကို ပစ်မှတ်ထားနေကြောင်း BBC က ဖော်ပြထားပါတယ်။
မန်ယူတိုက်စစ်မူှးဟောင်း မိုက်ကယ်အိုဝင်က နောက်ခံလူ မက်ဂွဲရားဟာ မန်ယူရဲ့ပြဿနာဖြစ်လာပြီလို့ ဆိုလိုက်ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာ မက်ဂွဲရားဟာ ဘရိုဂျာကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အမှားတွေသာ ကျူးလွန်ခဲ့ကြောင်း၊ မက်ဂွဲရားဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မပြနိုင်တော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဘင်ဖီကာတိုက်စစ်မှုး ဒေါ်ဝင်နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ မန်ယူ အနေနဲ့ ကာဗာနီ၊ စီရော်နယ်ဒိုတို့ရဲ့အနာဂတ်မရေရာတဲ့အနေအထားကြောင့် လာမဲ့နွေရာသီမှာ ဈေးကွက်အတွင်း တိုက်စစ်မှူးသစ် ရှာဖွေသွားမှာပါ။ ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ဘင်ဖီကာအတွက် စွမ်းဆောင်ရည် ကောင်းပြနေပြီး ၁၉ ပွဲကစားရာ ၂၁ ဂိုးသွင်းယူထားပါတယ်။
မန်ယူကစားသမားဟောင်း ပေါလ်စခိုးက သူ့အသင်းဟောင်းအနေနဲ့ အမြဲတမ်းနည်းပြ အဖြစ် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ် ကို ခန့်အပ်သင့်ကြောင်း၊ ဟာဆန်ဟတ်ရဲ့ ကစားပုံက မန်ယူနဲ့ လိုက်ဖက်မှာဖြစ်ကြောင်း၊ အကြံပြု တိုက်တွန်းခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ မန်ယူနောက်ခံလူ လုရှောခ်နဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း Manchester Evening News က ဖော်ပြထားပါတယ်။ ပိုချက်တီနီုနဲ့ လုရှောခ်တို့ဟာ ဆောက်သမ်တန်မှာ လက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ပိုင်ရှင်ဟောင်း ဆီမြွှန်ဂျော်ဒန်က မန်ချက်စတာယူနိုက်တက်အနေနဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုကို မလိုအပ်ဘဲ ခေါ်ယူခဲ့တာ ဖြစ်ကြောင်း၊ စီရော်နယ်ဒိုကို ခေါ်လိုက်တာ သွင်းဂိုးတွေ ရရှိနိုင်ပေမဲ့ တခြားတစ်ဖက်မှာတော့ မန်ယူဟာ လုပ်အားနှုန်းက အားရစရာ မရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ်ကတော့ လိဒ်စ်ကို ၃ ဂိုးပြတ် အနိုင် ရခဲ့တဲ့ပွဲမှာ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲထွက် ကစားခဲ့တဲ့ ဗန်ဒီဘိခ် ကို ချီးကျူးခဲ့ပါတယ်။ ဗန်ဒီဘိခ် ဟာ အသင်းအတွက် တိုက်စစ်လမ်းကြောင်းတွေ ရှာဖွေပေးပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကာ အပေါင်းလက္ခဏာ ဆောင်တဲ့ စွမ်းရည်ကို ပြသခဲ့ကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးက မိုက်ကယ်ကာရစ် ကမှ လက်ရှိနည်းပြရန်နစ်ထက်စာရင် မန်ယူနဲ့ ပို လိုက်ဖက်ကြောင်း၊ ရန်နစ်ဟာ သူ့နည်းပြ ဘဝတစ်လျှောက်မှာ မန်ယူလိုအသင်းမျိုးကို မကိုင်တွယ်ဖူးကြောင်း၊ရန်နစ်ဟာ မန်ယူအတွက် အဖြေ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။