စီးရီးအေ ကလပ်တွေ လိုက်နေတဲ့ ကီပါ၊ ပလပ်စတစ်ဖလား လို့ ဝေဖန်သူနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ဘိုင်ယန်မြူးနစ်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို တစ်ရာသီလုပ်ခ ယူရို ၁၁ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လျက်ရှိကြောင်း သတင်းထွက် နေပါတယ်။ ဘိုင်ယန်အနေနဲ့ရာသီကုန်မှာ ဒေါ့မွန်ကိုပြောင်းရွှေ့တော့မဲ့ နောက်ခံလူ ဆူလေရဲ့နေရာမှာ အစားထိုးဖို့ ခရစ္စတန်ဆန်ကို ပစ်မှတ်ထားနေတာပါ။

ချဲလ်ဆီး ကစားသမားဟောင်းကြီး ခရိတ် ဘာလေကတော့ ပလပ်စတစ်ဖလား သာသာပဲ ဖြစ်တဲ့ ကလပ် ကမ္ဘာ့ဖလားကို ချဲလ်ဆီး အသင်းသားတွေ အလွန်ကျွံ အောင်ပွဲခံနေတာ ရှက်စရာပဲ လို့ ဝေဖန်လိုက်ပြီး ပရီးမီးယားလိဂ်မှာ အသင်း အခြေအနေကို သိကြဖို့ သတိပေးလိုက်ပါတယ်။

ချဲလ်ဆီး ဂိုးသမား ကီပါကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ်တွေဖြစ်ကြတဲ့ နာပိုလီနဲ့ လာဇီယိုတို့က အပြိုင် ကြိုးပမ်း သွားကြမှာပါ။ ၂၇ နှစ်အရွယ်ဂိုးသမားဟာ မန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်နေရပြီး မန်ဒီ အာဖရိက ဖလား သွားနေချိန်မှာ ချဲလ်ဆီးအတွက် လက်စွမ်းပြသထားပါတယ်။ လာဇီယိုအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ တည်းက ကီပါကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဂန္ထဝင် ဒရော့ဂ်ဘာက ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ တိုက်စစ်မှူးလူကာကူဘက်ကနေ ကာကွယ်ခဲ့ပြီး လူကာကူ ဟာ ဂိုးသွင်းကောင်းသူဖြစ်ကြောင်း၊ လူကာကူဟာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရပြီး ဖီဖာကလပ် ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တာက သူ့ကို ယုံကြည်မှု ပြန်ရစေကာ လူကာကူအတွက် အချိန်ကောင်းတွေ ရောက်ရှိလာမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက သူ့အနေနဲ့အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရယူနိုင်ခဲ့တဲ့အပေါ် အလွန်ဂုဏ်ယူမိကြောင်း၊ ဒီဖလားဟာ ရယူနိုင်ဖို့ ဘယ်လောက်ခက်သလဲဆိုတာ မိမိတို့အသိဆုံးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တုန်းက သူတို့အနေနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး အလွန်နာကျင်ခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရရှိခဲ့ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံ ရွှေရောင် တံဆိပ်ကို ဝတ်ဆင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းတွေအရ ကလပ်အသင်းတွေ အနေနဲ့ ရာသီဝက်မှာ ဂျာစီပြောင်းလဲဝတ်ဆင်တာမျိုးခွင့်မပြုတာပါ။

ဒါပေမဲ့ လီဗာပးူတုန်းကလည်း တစ်ပွဲသီးသန့် ဝတ်ဆင်ခွင့် တောင်းဆိုခဲ့လို့ ချဲလ်ဆီးအနေနဲ့လည်း အဲဒီအတိုင်း တောင်းဆိုဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂုဏ်ယူဖွယ်ရာ ဝတ်ဆင်နိုင်မှာပါ။