ဂိုးရဖို့အတွက် ဘောလုံးကို ဂိုးပိုက်ထဲ ကန်ထည့်ရမယ်ဆိုတာတောင် မေ့လာတဲ့ ရော်နယ်ဒို
ဆောက်သမ်တန်ကို သရေကျတဲ့ အိုးထရက်ဖို့ဒ်က ပွဲအပြီးမှာ ခရစ္စတီယာနိ ရော်နယ်ဒိုဟာ လှောင်ပြောင်မှုတချို့ ရရှိခဲ့သလို ကွင်းထဲကနေ လူမသိ သူမသိ ထွက်ခွာသွားခဲ့ပါတယ်။
အရာအားလုံးက သူဖြစ်စေချင်သလို ဖြစ်မလာတဲ့အခါ ခေါင်းကိုခါယမ်းပြီး ပါးစပ်ကနေ ရေရွတ်ပြောဆိုကာ ထွက်ခွာခဲ့တာပါ။ ရော်နယ်ဒိုထံက တက်ကြွတဲ့ ကစားပုံကို မမြင်တွေ့ရသလို ၂၀၂၂ မှာ ၆ ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့ကာ ၂၀၀၈-၀၉ ရာသီ ယူနိုက်တက်မှာ ၇ ပွဲဆက် ဂိုးပေါက်ပျောက်ပြီး နောက်ပိုင်း သူ့ရဲ့ အဆိုးရွားဆုံး မှတ်တမ်း ဖြစ်လာပါတယ်။

ရော်နယ်ဒိုဟာ ၆ မိနစ်မှာ ဂိုးသမား ဖော်စတာကို လှည့်ပတ်နိုင်ခဲ့ပြီးနောက် ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းချိန်မှာ ဆောက်သမ်တန် နောက်ခံလူ ရိုမိန်း ပါရော့ဒ်က ရော်နယ်ဒိုရဲ့ ကန်ချက်ကို ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ဖော်စတာကို နောက်ထပ် တိုက်ရိုက်ခြိမ်းခြောက်ခဲ့တဲ့ အခိုက်အတန့် နှစ်ခုရှိခဲ့ပြီး တစ်ကြိမ်က ရော်နယ်ဒို လူကျွံခဲ့တာကြောင့် ဂိုးပယ်ဖျက်ခံခဲ့ရသလို ပေါ့ဘာအတွက် ဖန်တီးပေးမှုကလည်း လူကျွံခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရန်းနစ်က “ဟုတ်ပါတယ်။ သူ ဂိုးသွင်းချင်ခဲ့မှာပါ။ ကျွန်တော်လဲ သူ့ကို ဂိုးသွင်းစေချင်ပါတယ်။ သူ ဒီနေ့မှာ အခွင့်အရေးတွေ ရခဲ့ပါတယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ အင်္ဂါနေ့ အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်နဲ့ တွေ့ဆုံတဲ့အခါ ဂိုးရဖို့ ထပ်ကြိုးစားချင်နေမှာပါ။ ဒီလအစောပိုင်းမှာ ၃၇ နှစ်ပြည့်ပြီးဖြစ်တဲ့ ရော်နယ်ဒိုရဲ့ လုပ်နိုင်စွမ်းက ကျဆင်းလာနေပြီ ဖြစ်ပါတယ်။ ရန်းနစ်ကတော့ ကာဗာနီ ထွက်ခွာမယ်ဆိုရင် တိုက်စစ်မှူး အသစ်တစ်ယောက် မဖြစ်မနေ ခေါ်ယူရမယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ ငြင်းခုံမှုတွေကတော့ ဆက်ရှိနေမှာပါ။ အိုးထရက်ဖို့ဒ်မှာ သူ နောက်တစ်ရာသီ ဆက်ရှိနေသင့်သလား? ယူနိုက်တက်အနေနဲ့ ထိပ်ဆုံးလေးသင်းထဲ မဝင်ရင် အသင်းကနေ ထွက်ခွာဖို့ ရော်နယ်ဒို တောင်းဆိုလိမ့်မယ်ဆိုတာက တကယ်ဖြစ်လာမှာလား? စသဖြင့်ပါ။
ဒါပေမယ့်လို့ ရော်နယ်ဒိုလို အသက်အရွယ်ရနေပြီဖြစ်တဲ့ ကစားသမားတစ်ယောက်ကို ဘယ်လို ချန်ပီယံလိဂ်ကလပ်မျိုးက ခေါ်ယူပြီးတော့ တစ်ပတ်ကို ပေါင် ၅ သိန်းလောက် ပေးချင်မှာလဲ။
ဒီဇင်ဘာ မကုန်ခင် ၁၄ ဂိုး သွင်းယူခဲ့တာဟာ သင့်တင့်ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုဖြစ်ခဲ့ပြီး ယူနိုက်တက်မှာ ဘယ်ကစားသမားမှ သူ့ရဲ့ ဂိုးတစ်ဝက်တောင် မကျော်ခဲ့ပါဘူး။ ဒါပေမယ့် ရော်နယ်ဒို ပြန်ရောက်လာတာက အသင်းတစ်ခုလုံးရဲ့ ကစားအားအပေါ် သက်ရောက်မှု ရှိစေခဲ့တယ်ဆိုတဲ့ အယူအဆကို လက်ခံသူတွေလည်း များပြားလာနေပြီဖြစ်ပါတယ်။