ကီပါဘက်က ရူဒီဂါ၊ မောင့် ဒဏ်ရာ၊ နောက်ခံလူ ပစ်မှတ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက အသင်းဖော်ဂိုးသမား ကီပါကို ချီးကျူးခဲ့ပြီး မန်ဒီမရှိချိန်မှာ ကီပါက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း၊ အသင်းသားတွေကလည်း ကီပါ အပေါ် ယုံကြည်ချက် အပြည့် ရှိကြောင်း၊ ကီပါဟာ ထိပ်တန်းအဆင့် ဂိုးသမား ဖြစ်နေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဆပ်တန်က ချဲလ်ဆီးပိုင်ရှင် အာဘရာမိုဗစ်ကို အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေကြောင်း၊ သူ့ရဲ့ဆုံးဖြတ်ချက်တချို့ဟာ ပရိသတ်တွေ မကြိုက်လောက်ပေမဲ့ အသင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေဖြစ်ကြောင်း၊ ချဲလ်ဆီးအပေါ် ဝေဖန်မှု တော်တော်များများက မနာလိုကြလို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ဟာ ပယ်မီးယက်စ်နဲ့ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ၂ ပတ်ခန့် အနားယူရဖွယ် ရှိနေပါတယ်။ ဒါကြောင့် မစ်ဆန်မောင့်ဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
မန်ယူကစားသမားဟောင်း ကလီဘာဆန်က လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်အနေနဲ့ လာမဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားနိုင်ကြောင်း၊ ချဲလ်ဆီးရဲ့ ကစားပုံက တိုင်လီမန့်စ်နဲ့ လိုက်ဖက်မှု ရှိကြောင်း၊ ချဲလ်ဆီးရဲ့ ကစားပုံကိုကြည့်ရင် ဘောလုံး ကိုင်ထားတဲ့အခါ အလွန်သက်သောင့်သက်သာရှိတာ တွေ့မြင်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ တူချယ်အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၁၂ ဦးခန့်ကို ထွက်ခွာခွင့် ပြုတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ နည်းပြတူချယ် အနေနဲ့ အသင်းရဲ့လူစာရင်းကို ကျစ်လျစ်အောင် ဖန်တီးလိုနေပြီး နေရာ မရနိုင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ဘတ်ဂျက် ရှာဖွေသွားမှာပါ။ တူချယ် ရောင်းထုတ်မဲ့အထဲမှာ ဘာကလေ၊ လော့တပ်ချိစ် တို့ ပါဝင်နေပါတယ်။
ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်က ဝက်စ်ဟမ်းအနေနဲ့ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဒီလန်ရိုက် အတွက် ပြောင်းရွှေ့ကြေး မြင့်မားစွာ တောင်းဆိုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအနေနဲ့ နောက်တန်းကိုအားဖြည့်ဖို့ ပစ်မှတ်ထားလျက်ရှိနေရာ ဘရိုက်တန် နောက်ခံလူ ဝက်စတာကလည်း သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာဒီရာသီမှာ ဘရိုက်တန် အသင်း အတွက် ခြေစွမ်းပြ ကစားထားပြီး ချဲလ်ဆီးက မျက်စိကျနေတာပါ။
လိဒ်စ် တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးကလည်း တစ်သင်း အပါအဝင် ပါ။ တူချယ်အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး ရာဖင်ဟာက သူ့ကစားကွက်နဲ့ လိုက်ဖက်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။