ဒိုလေး အကောင်းဆုံး ခြေစွမ်း ဆိုတဲ့ ရန်းနစ်၊ ဒီဂီယာရဲ့ လက်တွေ့ကျမှုနဲ့ ယနေ့ည မန်ယူသတင်းများ

ဘရိုက်တန်နဲ့ပွဲမှာ စီရော်နယ်ဒိုသွင်းယူခဲ့တဲ့ဂိုးဟာ အလွန် အံ့အားသင့်စရာကောင်းကြောင်း၊ ဒါဟာ အသင်းအတွက် အရေးပါတဲ့ ဂိုးဖြစ်ရုံမက အံ့ဖွယ် ဂိုးလည်းဖြစ် ကြောင်း နည်းပြ ရန်းနစ်က ချီးကျူးခဲ့ပါတယ်။

ဒ့ါအပြင် စီရော်နယ်ဒိုဟာ အသင်းဖော်တွေကို ကူညီပေးဖို့ အမြဲတမ်း ကြိုးပမ်းနေသူဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ဒါက စီရော်နယ်ဒိုရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ကြောင်းလည်း မန်ယူနည်းပြ ရန်းနစ်က ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်ကတော့ ဘရိုက်တန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန် နောက်ခံကြယ်ပွင့် လန်တေးကို ချီးကျးမှုတွေ ပြုလုပ်ခဲ့ပြီး လန်တေးဟာ မိမိတု့ိအသင်းအတွက် အန္တရာယ်ရှိတဲ့ကစားသမားဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပွဲပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာဆိုရင် လန်တေးအနေနဲ့ တောင်ပံ ကစားသမား တစ်ဦးလိုတောင် ကစားခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်က နောက်ခံလူ ဗာရာနီကိုဟာ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် ညစာစားအပြီး ဝမ်းဗိုက်ပြဿနာကို ကြုံတွေ့ ခဲ့ရကြောင်း၊ ဗာရာနီအနေနဲ့ ပါဝင်နိုင်အောင် ဆေးအဖွဲ့က ကြိုးပမ်းခဲ့ပေမဲ့ အခြေအနေ ကောင်းမွန်ခြင်း မရှိတဲ့အတွက် နောက်ဆုံးအချိန်ကျမှ ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူကစားသမားဟောင်း ပေါလ်အင့်က မန်ယူအနေနဲ့ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာကို ပစ်မှတ် ထားသင့်ကြောင်း၊ ဖရက်ဒ်ဟာ မန်ယူကွင်းလယ်ရဲ့ အဖြေမဟုတ်ကြောင်း၊ တွမ်မီနေးအနေနဲ့လည်း ဘစ်ဆိုမာနဲ့ တွဲကစားတာ ပိုကောင်းမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူအသင်းဟာ အေဂျက်နဲ့ အတူ ခြေစွမ်းပြနေတဲ့ ညာတောင်ပံ တိုက်စစ်သမား အန်တိုနီယို ကို ကင်းထောက် စေလွှတ် စောင့်ကြည့်နေပါတယ်။ ၎င်းကို ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပြီး ယူရို ၄၅ သန်း ဝန်းကျင် တန်ကြေး ရှိနေပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က မန်ယူအနေနဲ့ နည်းပြသစ် အဖြစ် ပိုချက်တီနိုကို စောင့်နေတဲ့အပေါ် နားမလည်နိုင်ကြောင်း၊ ပိုချက်တီနို အနေနဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် မယူနိုင်ရင်ဘာမှမဟုတ်ကြောင်း၊ မန်ယူအနေနဲ့ ပိုချက်တီနိုအစား လက်စတာနည်းပြရော်ဂျာကိုသာ ခန့်အပ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာက သူတို့အနေနဲ့ အဆင့်လေးဝင်ခွင့် ပြိုင်ဆိုင်မှုအတွင်း ရပ်တည်နေဆဲ ဖြစ်ကြောင်း၊ အဆင့်လေးအတွက် အသင်းများစွာ တိုက်ပွဲဝင်နေကြပြီး မိမိအနေနဲ့လည်း နောက်ဆုံးအချိန်အထိ ဇွဲလျှော့သွားမှာ မဟုတ်ကြောင်း၊ အဆင့်လေးထက် ပိုပြီး ရည်မှန်းသင့်ပေမဲ့ လက်ရှိမှာတော့ အဆင့်လေးဝင်ခွင့်က မိမိတို့အတွက် လက်တွေ့အကျဆုံး ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။