ချန်ပီယံလိဂ် ဖလားကို ဘယ်အင်္ဂလိပ်အသင်း ယူလာမလဲ ဟောကိန်းထုတ်လိုက်တဲ့ ဖာဒီနန်
မန်ယူ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ်ဖလားကို အင်္ဂလန်ကို ပြန်လည်သယ်ဆောင်လာဖို့ အကောင်းဆုံး အခွင့်အရေးရှိတဲ့ အသင်းတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်၊ လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်းတို့နဲ့အတူ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံပြသနေတာကြောင့် ဖာဒီနန်က လက်ရှိ ချန်ပီယံ ချဲလ်ဆီးအနေနဲ့ သိပ်အခြေအနေမကောင်းဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ချဲလ်ဆီးက ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိနိုင်တဲ့ တတိယမြောက်အသင်းလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ရှေ့မှာ ရှိနေတဲ့ တခြား အင်္ဂလိပ် ၂ သင်းကတော့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဖြစ်ပြီး သူတို့တွေက ဘိုင်ယန်မြူးနစ်လိုမျိုး အသင်းနဲ့ အတူတူလောက် ရှိနေမယ်လို့ ကျွန်တော် ထင်တယ်။ ဒီမှာ နားထောင် ခင်ဗျား ဒီကောင်လေးတွေက အတွေ့အကြုံရှိပြီး အများကြီး အားကိုးလို့ရမယ်ဆိုတာကို နားလည်ရပါမယ်”
“အဲဒီညမှာ သူတို့တွေ အတွေ့အကြုံရခဲ့တယ်။ အရည်အချင်းရှိတယ်။ သူတို့တွေမှာ အရွယ်ကောင်း ကစားသမား တွေလည်း ရှိနေပြီး ဂုဏ်သတင်းကြီးထွားလာနေတဲ့ နည်းပြလည်း ရှိနေပါတယ်။ သူတို့တွေက ခြိမ်းခြောက်မှု ဖြစ်လာပါလိမ့်မယ်။
ဒီလိုအတွေ့အကြုံတွေနဲ့ ဖလားကိုင်ဆောင်ထားသူတွေကို ကြည့်ပြီး ခင်ဗျားက လွယ်တော့ လွယ်မှာမဟုတ်ဘူးလို့ ပြောပါလိမ့်မယ်။ သူတို့တွေက ဘယ်သူ့ကိုမှ ဘာပဲဖြစ်ဖြစ် လွယ်ကူစေမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် စပို့တင်းလစ္စဘွန်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ၅-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်ကလည်း ညကပွဲမှာ အင်တာမီလန် ၂-၀ နဲ့ အဝေးကွင်း နိုင်ပွဲရထားပြီ ဖြစ်ပါတယ်။
လာမယ့်အပတ်မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက လိုင်လီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။