မန်ယူ ဘယ်သူ့ကို နည်းပြ ခန့်သင့်သလဲ အကြံပေးသလိုနဲ့ အချွန်နဲ့ မ လိုက်ပြန်တဲ့ ပေါမာဆန်

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ရင် ရန်းနစ်က လက်ရှိ ယာယီနည်းပြ ရာထူးကနေ ထွက်ခွာမှာ ဖြစ်လို့ အမြဲတမ်း နည်းပြ ရာထူးအတွက် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

ထိုရာထူး အတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျက်ရဲ့ အဲရစ်တန်ဟက်တို့က ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ၎င်းတို့ထက် လက်စတာရဲ့ ဘရန်ဒန်ရော်ဂျာနဲ့ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ တို့ကို ခန့်သင့်ကြောင်း မန်ယူ အား အကြံပေးလာပါတယ်။

“ မန်ချက်စတာ ယူနိုက်တက်က ပိုချက်တီနိုကို ဘာလို့ စောင့်နေလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ တကယ်ကို မသိတာပါ။ ပိုချက်တီနိုက ပီအက်စ်ဂျီနဲ့တောင် ချန်ပီယံလိဂ်ဖလား မရဘူးဆိုရင် သူ့ကို ဘာလို့ ခန့်အပ်ဖို့ ကြိုးစားမှာလဲ။

ပိုချက်တီနို ဘာတွေ လုပ်ခဲ့လဲ။ စပါးနဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်ခဲ့တယ်။ သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ တစ်ခါပဲ ရဖူးတယ်။ ဘောလုံးလောကမှ အဓိကက အချိန်ကိုက် ဖြစ်ဖို့ အရေးကြီးတာ။

လက်စတာက အခုချိန် ပရီးမီးယားလိဂ် အဆင့် ၂ ဖြစ်ခဲ့ပြီး ဖလားပြိုင်ပွဲတွေမှာလည်း ရှိနေသေးတယ်ဆိုရင် ဘရန်ဒန် ရော်ဂျာက ယူနိုက်တက် နည်းပြသစ်နေရာအတွက် ဘွတ်ကီဒိုင်တွေရဲ့ အကြိုက် ဖြစ်လာလိမ့်မယ်။ ကျွန်တော်သာ ယူနိုက်တက် နေရာမှာဆိုရင် အခုချိန်မှာ ရော်ဂျာ ဒါမှမဟုတ် ဂရေဟမ်ပေါ်တာကို ခေါ်ယူမှာပါ။

လူတွေက လွန်ခဲ့တဲ့ ၇ နှစ်လောက်က ပိုချက်တီနိုကိုပဲ စွဲလမ်းနေကြတုန်းပဲ။ သူက တတ်နိုင်သလောက် စပါးကို ဆွဲတင် ပေးခဲ့တယ်။ ဒါပေမယ့် သူလုပ်ခဲ့တာထက် ရော်ဂျာက ပိုကောင်းအောင် လုပ်ခဲ့တာပါ ” လို့ ပေါမာဆန်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်းတွေကတော့ အသင်းကို ထိပ်တန်း နည်းပြ တစ်ဦးဦး ကိုင်တွယ် ထိန်းချုပ်နိုင်မှသာ အရင် အောင်မြင်မှု နေ့ရက်တွေဆီ ပြန်ရောက်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။