ပြန်လာပြီ ဖြစ်တဲ့ တိုမီယာဆု၊ ချန်ပီယံလိဂ် ဝင်ခွင့်၊ အွန်နရီလက်သစ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဝီလီယံဂါးလက်စ်က အာဆင်နယ်အနေနဲ့ လူငယ်ကြယ်ပွင့်ဆာကာကို ဆက်ထိန်းနိုင်ဖို့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန် လိုအပ်နေကြောင်း၊ ကစားသမားတိုင်းက ချန်ပီယံလိဂ်မှာ ကစားဖို့ အိပ်မက်ရှိကြကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ အေစီမီလန်တိုက်စစ်မှူး လီယာအိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီယာအိုဟာ အာဆင်နယ်ဂန္ထဝင် တစ်ဦး ဖြစ်တဲ့ အွန်နရီနဲ့ ခိုင်းနှိုင်းခံထားရသူ ဖြစ်ပါတယ်။

အွန်နရီက တကယ်လို့ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ အဆင့်လေးဝင်ခွင့်မရဘူးဆိုရင် ကျရှုံးတဲ့ ရာသီတစ်ခု လို့ သတ်မှတ်ရမှာလို့ သတိပေးလိုက်ပြီး ဝုဗ်နဲ့ပွဲကို အနိုင်ရလိုက်တာက အာဆင်နယ်အတွက် အလွန်အရေးပါကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးတိုက်စစ်မူှး ဘရိုဂျာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ ဘရိုဂျာဟာ ပုံမှန် ပွဲထွက်ခွင့်ရတဲ့ အသင်းကို ပြောင်းလိုနေပြီး ဥရောပပြိုင်ပွဲတွေလည်း ကစားလိုနေတာပါ။

အာဆင်နယ်ဒါရိုက်တာ ဂျော့ခရွန်ကီက သူနဲ့ ပရိသတ်တွေကြား ဆက်ဆံရေးက တိုးတက်လျက်ရှိနေကြောင်း၊ သူဟာ ပရိသတ်တွေရဲ့ အသံကို အမြဲတမ်းနားထောင်လျက်ရှိနေကြောင်း၊ ဥရောပ ကလပ်အသင်းတွေရဲ့ ဘောလုံးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ဟာ နက်ရှိုင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်ကစားသမား အိုဒီဂတ်က နည်းပြ အာတီတာရဲ့လုပ်ငန်းစဉ်ကို ချီးကျူးခဲ့ပြီး မိမိတို့အနေနဲ့ အာတီတာလက်အောက်မှာ ထူးခြားတဲ့တစ်စုံတစ်ရာကို တည်ဆောက်နေတယ်လို့ ခံစားရကြောင်း၊ အာဆင်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ရတာ ပျော်ရွှင်မိပြီး လက်ရှိအတိုင်းဆက်လက်တိုးတက်နေဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂနာဘရီကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းလျက်ရှိနေကြောင်း သတင်းထွက် လာပါတယ်။ ဂနာဘရီရဲ့စာချုပ်ဟာ လာမဲ့ရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိမှာ သက်တမ်း တိုးမြှင့်ဖို့ သဘောတူညီမှု မရသေးပါဘူး။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ အာဆင်နယ် အဓိကနောက်ခံလူ တိုမီယာဆုအနေနဲ့ အခုအခါ ဒဏ်ရာက ပြန် သက်သာနေပြီး လေ့ကျင့်ခန်း အပြည့်အ၀ ဆင်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြအာတီတာကတော့ တိုမီယာဆု ဘရန်ဖို့ဒ်နဲ့ပွဲမှာ ဝင်ကစားနိုင်မလားဆိုတာ အတည်မပြုထားပါဘူး။