လီဗာပူးက ဖင်ကြားညှပ်နေတဲ့ အနာလိုပဲ လို့ တင်စား ပြောလိုက်တဲ့ စီးတီးနည်းပြ ပက် ဂွာဒီယိုလာ

မန်စီးတီး ပက် ဂွာဒီယိုလာ ကတော့ သူ့ အသင်းရဲ့ အဓိက ရည်မှန်းချက်တွေ ကို တားဆီးရပ်တန့်နိုင်တဲ့ တသင်းတည်းသော အသင်း က ကလော့ပ်ရဲ့ လီဗာပူး ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

စီးတီး ဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလားတွေ ကို အဓိက မျှော်မှန်း ထားပြီး ဒီလမ်းကြောင်း ၂ ခုစလုံးမှာ လီဗာပူးဟာ အကြီးမားဆုံးသော အတားအဆီး အဖြစ် တည်ရှိ နေတယ်လို့ ဂွာဒီယိုလာ က ယူဆထားတာပါ။

လီဗာပူး ဟာ ပရီးမီးယားလိဂ် မှာ မန်စီးတီး နဲ့ ၆ မှတ် အကွာကနေ လိုက်လံ ဖိအားပေးနေပြီး ချန်ပီယံလိဂ် မှာလည်း စီးတီး ၊ PSG တို့နဲ့ အပြိုင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းအဖြစ် ရှိနေခဲ့ပါတယ်။ ဂွာဒီယိုလာ က လီဗာပူး ရဲ့ အဟန့်အတား ဖြစ်လာ နိုင်ချေကို အခုလို ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

“ကျွန်တော်တို့ ကို ဥရောပပွဲတွေ ကနေ ကန်ထုတ်နိုင်တဲ့ အသင်းလား.. ပရီးမီးယားလိဂ်မှာ ၆ မှတ် အကွာနဲ့ လိုက်နေတဲ့ အသင်း (လီဗာပူး) ပါပဲ။

ပြီးခဲ့တဲ့ ရာသီအနည်းငယ် ကစပြီး သူတို့ဟာ ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာခဲ့တာပါ။ ဖင်ကြားညှပ်နေတဲ့ အနာလိုပဲ၊ အမြဲတမ်း ရှိနေပါတယ် (ဖလားတိုင်းမှာ လီဗာပူး က အနှောက်အယှက်ပေးပုံကို တင်စား)” လို့ ဂွာဒီယိုလာ က ပြောဆိုသွားခဲ့ပါတယ်။

ယာဂင် ကလော့ ဟာ နောက်ပိုင်း နှစ်တွေမှာ ပက်ဂွာဒီယိုလာ ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာခဲ့ပြီး ဂျာမနီ နဲ့ အင်္ဂလန် မြေပေါ်မှာ သူတို့ ၂ ဦး ၂၂ ကြိမ် ရင်ဆိုင် ဆုံတွေ့ထားခဲ့ကြပါတယ်။

ဒါဟာ ဂွာဒီယိုလာ အတွက် မော်ရင်ဟို ပြီးပါက ( ၂၅ ကြိမ် ) ဒုတိယ အများဆုံး ဖြစ်ပြီး သူတို့ အကြားမှာ နိုင်ပွဲ ၉ ပွဲစီ နဲ့ ဟန်ချက်ညီမျှ နေကြပါတယ်။