ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေ ထွက်ပါပြီ
ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က ဒီသီတင်းပတ် မှာ ကစားမယ့် လိဂ်ပွဲတွေကို ယခုလို ခန့်မှန်းပေးခဲ့ပါတယ်။
၁- အာဆင်နယ် vs ဘရန့်ဖို့ဒ်
Top 4 နေရာအတွက် အာဆင်နယ်ဟာ လက်ရှိမှာ အတော်လေး အခြေအနေ ကောင်းနေတဲ့ ပုံစံပါပဲ။ သူတို့မှာ တောင့်တင်းတဲ့ လူစာရင်း မရှိပေမယ့်လည်း ဂန်းနားတို့ အနေနဲ့ ရာသီကုန်ထိ လိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ အာရုံစိုက်ရဖို့ ရှိနေပါတယ်။ သူတို့ဟာ ဂိုးတွေ အများကြီး မသွင်းထားနိုင်ခဲ့ပေမယ့် အနိုင်ယူရ ခက်ခဲတဲ့ အသင်း ဖြစ်လာခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက် clean sheet ရထားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်နဲ့ ပွဲမှာ အရေးပါတဲ့ ရမှတ်ကို စုဆောင်းနိုင်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ ရှုံးပွဲဆက် မှတ်တမ်းကို ရပ်တန့်စေခဲ့ကာ အောက်ဆုံး ၃ သင်းနဲ့ သူတို့ကြားမှာ ရမှတ်တစ်မှတ် ထပ်ထည့်နိုင်ခဲ့ပါတယ်။
သူတို့ရဲ့ form က မကောင်းပေမယ့် အောက်ဆုံး ၃ သင်းက ရမှတ်တွေ ရှာဖွေနိုင်ရန် ရုန်းကန်နေရတာကြောင့် နိုင်ပွဲအနည်းငယ် ထပ်ရခဲ့မယ်ဆိုရင် ဒီလိဂ်မှာ တင်ကျန်ရစ်ဖို့ အတွက် အခြေအနေကောင်းနိုင်မှာပါ။ အာဆင်နယ်တို့ ဒီပွဲမှာ ဂိုးတွေ အများကြီး သွင်းနိုင်မယ်လို့ မထင်ပေမယ့် သူတို့ နိုင်သွားမှာပါ။
ခန့်မှန်းချက် : အာဆင်နယ် ၂-၀ ဘရန့်ဖို့ဒ်
၂- လီဗာပူး vs နော့ဝှစ်
လီဗာပူးအတွက် အရမ်းကောင်းတဲ့ ရက်သတ္တပတ်တွေ ဖြစ်ခဲ့ပြီး ကြားရက်က အင်တာကို နိုင်ခဲ့တာက သက်သေဖြစ်ပါတယ်။ လီဗာပူးဟာ အကောင်းဆုံး ခြေစွမ်းကို ပြနိုင်ခဲ့တာ မဟုတ်ပေမယ့်လည်း ကလော့ရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေက ပွဲကို ပြောင်းလဲစေခဲ့ပါတယ်။
ဒါဟာ ရှေ့ဆက်ရာမှာ တကယ်ကောင်းတဲ့ အချက်ပါ။ လီဗာပူးဟာ အခုဆိုရင် အရန်ခုံကနေ အပြောင်းအလဲတွေ လုပ်နိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်နေပါပြီ။
ပြီးခဲ့တဲ့ အပတ်က မန်စီးတီးကို ရှုံးခဲ့တဲ့ ပွဲစဉ်နဲ့ နော့ဝှစ်ကို ကျွန်တော် အကဲဖြတ်သွားမှာ မဟုတ်ပါဘူး။ ဒီပွဲတွေဟာ သူတို့ရဲ့ ရာသီကို အဆုံးအဖြတ်ပေမယ့် ပွဲတွေမဟုတ်ပါဘူး။ ဒီပွဲလည်း တူတူပါပဲ။ အဆင့် ၁၀ အောက်က အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေက အဓိကဖြစ်ပြီး ဒီပွဲပြီးရင် နော့ဝှစ်တို့ရဲ့ ပွဲတွေ ချောင်သွားမှာပါ။
ဒါဟာ အန်ဖီးမှာ လီဗာပူးရဲ့ လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်သင့်ပါတယ်။ လီဗာပူးတို့ လူအနည်းငယ် အပြောင်းအလဲ လုပ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပြီး လူးဝစ်ဒီယက် အနေနဲ့ ပွဲထွက်ခွင့် ရနိုင်ပါတယ်။
ခန့်မှန်းချက် : လီဗာပူး ၃-၀ နော့ဝှစ်

၃- ခရစ်စတယ်ပဲလေ့စ် vs ချဲလ်ဆီး
ပဲလေ့စ်ဟာ ဆိုးရွားစွာ ကစားနေတာ မဟုတ်ပေမယ့် အခုဆိုရင် ၂ ပွဲဆက် ရှုံးထားပါတယ်။ သူတို့ ကံကောင်းမှု အနည်းငယ် လိုအပ်တဲ့ အပြင် အခွင့်အရေးတွေကို အသုံးချနိုင်ဖို့လည်း လိုပါတယ်။ သူတို့မှာ အရည်အသွေးရှိတဲ့ တိုက်စစ် ကစားသမားတွေ အများအပြား ရှိနေတာကြောင့် ရလဒ်ကောင်းတွေ ပြန်ယူနိုင်မှာပါ။
ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီးနောက် နားရက် တစ်ပတ်ရထားပါတယ်။ သူတို့ ပုံစံကောင်းနဲ့ ပြန်လာမယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့အတွက် အရေးကြီးတဲ့ ရက်သတ္တပတ်တွေက စောင့်နေပြီး နောက်ထပ် ဆုဖလားတစ်ချို့ကို ရသွားမယ် ဆိုရင်လည်း အံ့သြစရာမဟုတ်ပါဘူး။
ဒါဟာ ခြေစွမ်းညီတဲ့ ပွဲစဉ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ ပဲလေ့စ်အတွက် အင်အားကြီးလွန်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။
ခန့်မှန်းချက် : ပဲလေ့စ် ၁-၂ ချဲလ်ဆီး
၄- မန်စီးတီး Vs တော့တင်ဟမ်
စီးတီးအတွက် တကယ့်ကို ကောင်းတဲ့ ရက်သတ္တပတ်ဖြစ်ပြီး ၉ ဂိုးသွင်းကာ ပေးဂိုးမရှိခဲ့ပါဘူး။ ပက်ဟာ လစ္စွဘွန်းမှာ ၅-၀ နဲ့ နိုင်ခဲ့ပေမယ့်လည်း သူ့အသင်းရဲ့ ကစားပုံကို ကျေနပ်ခြင်း မရှိ ဖြစ်နေခဲ့ပါတယ်။
စတားလင်းဟာ နော့ဝှစ်နဲ့ ပွဲမှာ ၃ ဂိုးရခဲ့တဲ့ အပြင် လစ္စဘွန်းမှာလည်း အရမ်းကောင်းတဲ့ ဂိုးကို သွင်းပေးခဲ့ပြီး အခုဆိုရင် ပုံစံကောင်းကို ရနေသလိုပါပဲ။
လိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက် ရှုံးခဲ့ပြီးနောက် စပါးအတွက် ဖိအားတွေ များနေကာ စပါးတို့ ဒီနှစ်မှာ ခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော်ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ကွန်တီဟာ အသင်းမှာ မပျော်မရွှင် ဖြစ်နေတာကြောင့် ကလပ်ရဲ့ atmosphere ဟာ သိပ်ပြီး ကောင်းမှာ မဟုတ်ပါဘူး။
သူတို့ ဒီတစ်ပတ်လည်း ကောင်းလာမယ်လို့ မမြင်မိပါဘူး။ စီးတီးတို့ပဲ ဂိုးပြတ်နိုင်သွားမှာပါ။
ခန့်မှန်းချက် : မန်စီးတီး ၄-၁ စပါး
၅- လိဒ် vs မန်ယူနိုက်တက်
မာဆယ်လိုဘီယယ်ဆာ အပေါ်မှာ ဖိအားတွေ တိုးပွားနေပါတယ်။ သူတို့အတွက် ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်က လိဒ်ဟာ အဲဗာတန်နဲ့ ပွဲမှာ ခြေစွမ်း ဆိုးရွားခဲ့ပါတယ်။
ဒီပွဲမှာ သူတို့ရဲ့ တုန့်ပြန်မှုကို ကျွန်တော် မျှော်လင့်ထားမိပြီး atmosphere ဟာ အရမ်းကို ကောင်းနေမှာပါ။ ဒါဟာ ကစားသမားတွေရဲ့ စွမ်းအင်ကို မြင့်မားစေမှာပါ။
ယူနိုက်တက်ဟာ ဘရိုက်တန်ကို နိုင်ခဲ့တဲ့ပွဲမှာ ကစားပုံ ကောင်းခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့အပတ်တွေမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဒါတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ သူတို့ဟာ အခုဆိုရင် top 4 ကို ပြန်ရောက်လာခဲ့ပြီး ဒီရာသီကို ကောင်းစွာ အဆုံးသတ်နိုင်ပါသေးတယ်။
ဒီပွဲဟာ စိတ်လှုပ်ရှားစရာကောင်းမှာ ဖြစ်ပြီး ဂိုးတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်ကတော့ လိဒ်ဟာ ယူနိုက်တက်ကို အပြန်အလှန် ကစားသွားနိုင်မယ်လို့ မြင်မိပြီး ဂိုးတွေကို တွေ့ရမှာပါ။ ဒါပေမယ့် အယ်လန်ရုတ်မှာ သရေပွဲသာ ဖြစ်သွားမှာပါ။
ခန့်မှန်းချက် : လိဒ် ၂-၂ မန်ယူနိုက်တက်
အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်
- ဝက်ဟမ်း ၁-၁ နယူးကာဆယ်
- ဘရိုက်တန် ၁-၀ ဘန်လေ
- ဆောက်သမ်တန် ၁-၁ အဲဗာတန်
- အက်စတွန်ဗီလာ ၂-၀ ဝက်ဖို့ဒ်
- ဝုဖ် ၁-၀ လက်စတာ