မန်ယူ အသင်းခေါင်းဆောင် ရာထူး ဒိုလေးကို လွှဲပေးမှာ မဟုတ်ဘဲ သူပဲ ဆက်လုပ်မယ် ဆိုတဲ့ မက်ဂွဲရား

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဟယ်ရီ မက်ဂွဲရား ကတော့ သူဟာ အသင်းဖော် တိုက်စစ်မှူး ရိုနယ်ဒိုဆီ အသင်းခေါင်းဆောင်ရာထူး လွှဲပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။

မက်ဂွဲရား ဟာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် နောက်ခံလူတဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် စတင် တာဝန်ယူခဲ့သူပါ။

မက်ဂွဲရားက အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ စွမ်းဆောင်ရည်တွေ အတော်လေး ကျဆင်းနေပြီး နောက်ပိုင်းပွဲတွေမှာ သူ ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက ပွဲတိုင်းလိုလို ပေးဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တချို့က မက်ဂွဲရားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားကာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ဖို့ တိုက်တွန်းနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်းနစ်က မက်ဂွဲရား နဲ့ ရိုနယ်ဒိုတို့ကို သီးသန့် ခေါ်ယူတွေ့ဆုံကာ အသင်းခေါင်းဆောင် ရာထူးကို ရိုနယ်ဒိုဆီ လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ မက်ဂွဲရားကတော့ အဆိုပါသတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ကြောင်း တရားဝင် ငြင်းဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းနဲ့ ပတ်သတ်ပြီး သတင်းမှားတွေ အတော်လေး မြင်တွေ့ခဲ့ရသလို ဒီသတင်းကလည်း သတင်းမှားတခုပါပဲ (အသင်းခေါင်းဆောင် ရာထူး လွှဲပြောင်းပေးမယ် ဆိုတဲ့ သတင်း)။ အစကတော့ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာမှမပြောဖို့ တွေးထားပါသေးတယ်။

ဒါပေမယ့် အခုတော့ မပြောလို့ မဖြစ်မယ့် အနေအထားကို ရောက်လာလို့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့ အသင်းက အခုချိန်အထိ စည်းစည်းလုံးလုံး ရှိနေသလို လာမယ့် တနင်္ဂနွေနေ့ပွဲ အတွက် အာရုံစိုက် ပြင်ဆင် နေကြပါတယ်။ အားလုံးပဲ နေ့ကောင်း တရက်ကို ပိုင်ဆိုင်ကြပါစေ” ဆိုပြီး မက်ဂွဲရား က သူ့ရဲ့ လူမှုကွန်ယက် ကနေ ဖြေရှင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။