ဂိုးသွင်းဖို့ အသာထား၊ တပွဲလုံး ဘောလုံး ၇ ကြိမ်ပဲ ထိတဲ့ ချယ်ဆီးရဲ့ ပေါင် ၉၇သန်းခွဲ တန် တိုက်စစ်မှုး

တိုက်စစ်မှုး လူကာကူ ကတော့ ချယ်လ်ဆီး အသင်းက ပဲလေ့စ် အသင်းကို အနိုင်ရတဲ့ ပွဲမှာ ပါဝင်တယ်လို့ တောင် မထင်ရတဲ့အထိ ခြေစွမ်းဆိုးရွားခဲ့တာကို အချက်အလက်တွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီပွဲမှာ ပဲလေ့စ် အသင်းကို ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး အတွက် တလုံးတည်းသောဂိုးကို ဇီယက်ခ်ျ က ပွဲချိန် ၈၉ မိနစ်မှာ သွင်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန် ကနေ ချယ်လ်ဆီး အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်း နဲ့ ရောက်ရှိလာတဲ့ လူကာကူ ကတော့ ဒီပွဲမှာ ဘောလုံးထိချက်(၇)ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ ပထမပိုင်းမှာဆိုရင် ဘောလုံးထိချက် (၂)ကြိမ်သာရှိခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း လူကာကူ ဟာ ရုန်းကန်နေရပြီး တပွဲလုံး(၇)ကြိမ်သာ ဘောလုံးထိခဲ့တာဖြစ်ပါတယ်။

ဒါဟာ Opta ရဲ့အချက်အလက်တွေကို စတင်မှတ်တမ်းတင်တဲ့ (၂၀၀၃-၀၄) ရာသီတည်းက ပရီးမီးယားလိဂ်မှာ ရှိတဲ့ ဘယ်ကစားသမားထက် မဆို နည်းပါးနေခဲ့တာလည်းဖြစ်ပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး စီးရီးအေ သွင်းဂိုး(၂၄)ဂိုး အထိ ရယူ ခဲ့ပေမယ့် ဒီရာသီ ချယ်လ်ဆီး အသင်းမှာတော့ ပရီးမီးယားလိဂ်(၁၇)ပွဲ ကစားပြီး (၅)ဂိုးသာ သွင်းယူ ထားနိုင်ခဲ့တာပါ။

လူကာကူ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ နည်းပြရဲ့ နည်းလမ်းတွေကို ဝေဖန်ခဲ့သေးတာပါ။

လူကာကူ က ချယ်လ်ဆီး အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၂)ပွဲကစား (၂)ဂိုး သွင်းယူနိုင် ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ နည်းပြ တူချယ်လ် ရဲ့ကစားကွက်အောက်မှာ လက်ရှိအချိန်ထိ အသား မကျသေးတာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး နည်းပြ တူချယ်ကတော့ လူကာကူ ခြေစွမ်း မပြနိုင်တာ သူ့ နည်းစနစ်တွေကြောင့် မဖြစ်နိုင်ဘူးလို့ ပွဲ အပြီးမှာ ဆိုသွားပြီး ဘာလို့ ဒီလောက် ရုန်းကန်နေရလဲ နားမလည်နိုင် ဖြစ်ရတယ် လို့ပါ ပြောဆိုခဲ့ပါတယ်။