ပေါချောင်ကောင်း မရှာနဲ့ သတိပေးမှု၊ ဗာရာနီ၊ ဒန်နီရယ်ဂျိမ်းစ် ပွဲကြိုစကားနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူ ကစားသမားဟောင်း ပယ်လီစတာက မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ပေါချောင်ကောင်း လိုက် နှိုက်မနေဘဲ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက် အတွက် ငွေပုံအော သုံးစွဲသင့်ကြောင်း၊ ရိုက်ဟာ လွန်ခဲ့တဲ့ ၂ နှစ် သူ့အရည်အသွေးကို သက်သေပြ ထားခဲ့ကြောင်း၊ သူဟာ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စပါးနည်းပြဟောင်း တင်ရှားဝုဒ်က ပြင်သစ်နောက်ခံလူ ဗာရာနီ ဟာ မန်ယူကိုပြောင်းရွှေ့ပြီးကတည်းက သူ့ရဲ့ခြေစွမ်းပိုင်း က ဆိုးရွားလွန်းခဲ့ကြောင်း၊ နည်းပြရန်နစ် အနေနဲ့ ဗာရာနီကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်သင့်ပြီဖြစ်ကြောင်း ဝေဖန် ခဲ့ပါတယ်။

လိဒ်စ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူဘက်မှာ တိုက်စစ်မှူး ကာဗာနီအနေနဲ့ ပေါင်ခြံ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကာဗာနီဟာ အဆိုပါဒဏ်ရာကြောင့် မန်ယူရဲ့နောက်ဆုံး ၂ ပွဲကို လွဲခဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်ပေမဲ့ လိဒ်စ်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲကို လွဲခဲ့တဲ့ နောက်ခံလူ ဗာရာနီကတော့ ပြန်ပါလာဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒါလော့က ဆီဗီလာ အသင်းထံကို အငှားနဲ့ပြောင်းသွားတဲ့ တိုက်စစ်မူှး မာရှယ်လ်ဟာ လေ့ကျင့်ရေးကွင်းမှာ ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘတ်ချ်အနေနဲ့ အငှားကစားလျက်ရှိနေတဲ့ အဲဗာတန်ကို အပြီးသတ် ပြောင်းရွှေ့လိုနေပါတယ်။ တကယ်လို့ အဲဗာတန်အနေနဲ့တန်းဆင်းရခြင်းမရှိဘူးဆိုပါက ဗန်ဒီဘတ်ချ်ဟာ အပြီးသတ် ဆက်နေဖြစ်ဖွယ် ရှိနေပါတယ်။

ဆန်းဒါးလန်း တိုက်စစ်မူှးဟောင်း ကီဗင်ဖီးလစ်က မန်ယူမှာ စီရော်နယ်ဒိုရဲ့အနာဂတ်ဟာ နည်းပြသစ်အပေါ် မူတည်နေမှာ ဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ နှလုံးသားရဲ့နောက်လိုက်ပြီး မန်ယူကို ပြန်လာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ မန်စီးတီးမှာဆိုရင် အနည်းဆုံး ဂိုး ၃၀ လောက်သွင်းနိုင်မှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လိဒ်စ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် အနေနဲ့ သူ့အနေနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ပါက အောင်ပွဲခံမှာဖြစ်ကြောင်း၊ ပွဲကစားနေစဉ်အတွင်း စိတ်ခံစားချက်များစွာပြင်းထန်နေမှာဖြစ်ကြောင်း၊ အောင်ပွဲခံမယ် ဆိုတာ သူ့အနေနဲ့ မန်ယူကို မုန်းတီးလို့မဟုတ်ဘဲ အဲဒီမှာ သူငယ်ချင်းများစွာရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။