မန်ယူနိုင်ပေမယ့် ရှက်မိတဲ့ မက်ဂွဲရား၊ ရူဒီဂါ လိုချင်တဲ့ လစာပေးဖို့ တိုက်တွန်းမှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ

လိဒ်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး နိုင်ပွဲ ၇၀၀ ပြည့်မြောက်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်မက်ဂွဲရားကတော့ သူ့အနေနဲ့ လိဒ်စ်နဲ့ပွဲမှာ ထောင့်ကန်ဘောကနေ သွင်းယူနိုင်ခဲ့ပေမဲ့ အချက်အလက်တွေအပေါ် ရှက်မိကြောင်း ဝန်ခံခဲ့ပါတယ်။

“ပွဲပေါင်း ၁၄၀ ကြာ ထောင့်ကန်ဘောကနေ ဂိုးမသွင်းနိုင်တာ ကျွန်တော် ရှက်မိပါတယ်။ Set Piece တွေမှာ ကျွန်တော်က ကြီးမားတဲ့ အစိတ်အပိုင်းတွေကနေပါဝင်သူပါ။ Set Piece တွေကနေ ဂိုးသွင်းနိုင်ရင် ကျွန်တော်တို့ အမှတ်ပေးဇယားမှာ ဒီထက်ပိုပြီး ရပ်တည်ချက် ကောင်းမှာပါ”လို့ မက်ဂွဲရားက ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်းတိုက်စစ်မှူးဟောင်း အူဘာမီယန်းကတော့ မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ပွဲမှာ ပထမဆုံး ဟတ်ထရစ် စတင်သွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း ၁-၄ နဲ့ အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဝီရှိုင်းယားကတော့ ဒိန်းမတ်ကလပ် AGF အသင်းထံ ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဘက်ကို ဂိုးသွင်းခွင့် များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ရတဲ့ လိဒ်အသင်းနည်းပြ ဘီအဲလ်ဆာကတော့ အသင်းရဲ့ အဆိုပါ အနေအထားတွေကို စိုးရိမ်မိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာက တိုက်စစ်ကစားသမား အိုဒီဂတ်အနေနဲ့ အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ် လို့ ဖွင့်ဟခဲ့ပါတယ်။ အာတီတာက အိုဒီဂတ်ဟာ အဲဒီလို အရည်အသွေးမျိုး ပိုင်ဆိုင်ထားကြောင်း၊ သူဟာ တဖြည်းဖြည်း ပိုကောင်း လာနေပြီး ထိပ်တန်းအဆင့်ကို ရောက်လာမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒဏ်ရာရရှိထားတဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ဒိုင်ဘားလားတစ်ယောက် လာမယ့် ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရူဒီဂါကို သူလိုချင်တဲ့ လစာပမာဏ အတိုင်းပေးချေလိုက်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ ရူဒီဂါက သူ့အနေနဲ့ ချဲလ်ဆီးမှာပျော်ရွှင်နေတယ်လို့ ဖွင့်ဟခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းရရင် ချဲလ်ဆီးမှာ ဆက်နေမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ စပါး၊ အာဆင်နယ် စတဲ့ အသင်းတွေဟာ လာမယ့်ရာသီကြို ခြေစမ်းပွဲစဉ် ခရီးစဉ်တွေကို စတင်ရေးဆွဲနေကြပြီး ဝင်ငွေပိုမို ရရှိနိုင်မယ့် နေရာတွေကို အဓိထားသွားရောက် ကစားသွားမှာ ဖြစ်ကြပါတယ်။

ဝုဗ်နည်းပြ ဘရူနိုလိတ်က လက်စတာကို အနိုင်ရရှိခဲ့ပြီးနောက် သူတို့အနေနဲ့ ဒီရာသီမှာထူးခြားတဲ့ အောင်မြင်မှု တစ်ခုခုကို ရယူနိုင်ဖို့ မျှော်မှန်းထားကြောင်း၊ သူတို့အနေနဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ အတွင်းပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။