ရူဒီဂါ လိုချင်သလောက် လစာ ပေးလိုက်စမ်းပါလို့ ချယ်ဆီးအား ပေါလ်မာဆင် တိုက်တွန်း

အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ပေါလ်မာဆင်က ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ နောက်ခံလူ အန်တိုနီယိုရူဒီဂါကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ရူဒီဂါ လိုအပ်သမျှကို လက်ခံသွားပြီး စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးပမ်းရလိမ့်မယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွှယ် ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်နေပေမယ့် သူနဲ့ အသင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ဒီရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ရူဒီဂါကို ကလပ်အသင်းများစွာက ပစ်မှတ်ထားနေကြသလို ချယ်လ်ဆီးဘက်ကလည်း သူတို့ကစားသမားကို အသင်းမှာ ဆက်လက်ထားရှိဖို့အတွက် ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ရူဒီဂါရဲ့ စာချုပ်ကိစ္စက ဆက်လက်တိုးတတ်လာခြင်း မရှိသေးသလို အသင်းနဲ့ ကစားသမား ရဲ့ကြားမှာလည်း စာချုပ်ကိစ္စအတွက် ညှိနှိုင်းနေဆဲ ဖြစ်နေတာကြောင့် ချယ်လ်ဆီးဘက်က ရူဒီဂါလို ကစားသမားမျျိုးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် ဘာမဆို လုပ်ဆောင်သင့်တယ်လို့ ပေါလ်မာဆင်က တိုက်တွန်းသွားခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင်လည်း ကစားသမားကိုယ်တိုင်ကပါ အသင်းပြောင်းဖို့ထက် ချယ်လ်ဆီးမှာပဲ ဆက်ရှိနေချင်နေတယ် လို့ သိရပါတယ်။

ဒီတပတ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ရတဲ့ ချယ်လ်ဆီးရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပေါလ်မာဆင်က ရူဒီဂါနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းကို “သူ့ကို သူလိုချင်တာတွေ ပေးလိုက်ပါ” ဆိုပြီး အသိပေးစကား ဆိုသွားခဲ့ပါတယ်။

၂၀၁၇ခုနှစ်ကတည်းက ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ရူဒီဂါဟာ လက်ရှိမှာ အသင်းရဲ့ အရေးပါလှတဲ့ နောက်ခံကစားသမားတစ်ဦး ဖြစ်နေတာကြောင့် သူရဲ့လက်ရှိ တစ်ပတ်လုပ်ခကိုလည်း ပိုမိုလိုအပ်လာခဲ့ပြီး လစာတိုး တောင်းဆိုမှုတွေ ရှိလာခဲ့တဲ့အပေါ် ကလပ်အသင်းနဲ့ ညှိနှိုင်းနေရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ရူဒီဂါကို သူအလိုရှိနေတဲ့ လုပ်ခပမာဏမျိုးနဲ့ ကမ်းလှမ်းသွားမယ့် အသင်းတွေကလည်း ရှိလာခဲ့တာကြောင့် ရူဒီဂါလို ခံစစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးကို ပြောင်းရွှေ့ကြေးတောင် မပါဝင်ပဲ လက်လွတ် လိုက်ရဖို့ထက် ရူဒီဂါ အလိုရှိနေတဲ့ လုပ်ခမျိုးနဲ့သာ သက်တမ်းတိုးလိုက်ဖို့ ပေါလ်မာဆင်က တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။